အပစ်ရပ်ကြေညာပြီးချိန်ကစပြီး စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး အရပ်သားတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတယ်လို့ သိရပါတယ်။
မေလ ၂၈ ရက်မှာ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာပဲ မေလ ၁၃ ရက်အထိ စစ်ကောင်စီဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုပေါင်း အနည်းဆုံး ၇၄၁ ကြိမ်ပြုလုပ်ခဲ့ပြီး အဲ့ဒီအထဲက လေကြောင်းတိုက်ခိုက်မှု ၅၁၆ ကြိမ်ထက်မနည်းဟာ ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက် မှာအပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မန္တလေး-စစ်ကိုင်း ငလျင်ကြီး အပြီး ကူညီကယ်ဆယ်ရေးတွေလုပ်နိုင်ဖို့ အပစ်အခတ် ရပ်နားကြောင်း ကြေညာထားပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်ရှိ နေပါတယ်။
စစ်ကောင်စီအနေနဲ့ အပစ်ရပ်ကြေညာပြီး တလကျော်ကာလအတွင်းလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုဖြစ်ခဲ့တဲ့ အိုးတိန်တွင်းနဲ့ ထွန်းရဝေကျေးရွာဖြစ် စဉ်တွေအပါအဝင် အရပ်သား ၁၀ ဦးနဲ့အထက် သေခဲ့ရတဲ့ အစုလိုက်အပြုံလိုက် သေဆုံး တဲ့ဖြစ်စဉ်ပေါင်း ခြောက်ခုထက်မနည်း ရှိခဲ့ပါပြီ။
အဲဒီဖြစ်စဉ် ခြောက်ခုစလုံးဟာ အရပ်သား တွေနေထိုင်နေတဲ့ ကျေးရွာနဲ့ စာသင်ကျောင်းတွေပဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အရပ်သား ၁၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာနေတဲ့ နေရာတွေအပြင် ပဋိပက္ခလုံးဝမရှိတဲ့ မြို့ရွာတွေ ကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။
အဲ့လို တိုက်ခိုက်မှုတွေမှာ ဒရုန်း အသုံးပြုတိုက်ခိုက်မှု ၁၅၀ ထက်မနည်း၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်မှုက ၃၂ ကြိမ်ထက်မနည်းနဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ အသုံးပြုတိုက်ခိုက်မှုက ၅၅၉ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ISP Myanmar ရဲ့ စာရင်းတွေအရသိရပါတယ်။
ဒီလိုလုပ်ရာမှာ စစ်ရေးပစ်မှတ်တွေ အပြင် သူတို့ထိန်းချုပ်နိုင်မှုမရှိတော့တဲ့ ဒေသတွေက လူနေရပ်ကွက်၊ ကျေးရွာ၊ ဆေးရုံ၊ သာသနိကအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေလည်း ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်က စလို့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၉၁၆ ကြိမ်ပြုလုပ်ထားပါတယ်။