စစ်ကိုင်းငလျင်မှာ ပြိုကျပျက်စီးသွားခဲ့တဲ့အဆောက်အဦအချို့က တန်ဖိုးကြီးပစ္စည်းတွေကို ပိုင်ရှင်တွေကပြန်မရပဲ ပျောက်ဆုံးနေတာတွေရှိတယ်လို့ ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြတာတွေရှိလာပါတယ်။
Sky Villa ပြိုကျမှုမှာ ပါဝင်သွားတဲ့ သုခဒိုင်းမွန်းစိန်တိုက်က ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တဦးက တန်ဖိုးကြီး လက်ဝတ်ရတနာတွေ ပြန်မရတာနဲ့ပတ်သက်ပြီး “အိမ်ထဲမှာကျန်ခဲ့တဲ့ပစ္စည်းစာရင်းပေးပါဆိုလို့ တချို့ တစ်ဝက်ပစ္စည်းတွေပုံနဲ့တကွပေးထားလိုက်ပါတယ်။ မနေ့က(ဧပြီလ ၁၉ ရက်) ပစ္စည်းတချို့ရထားတယ်လာယူပါဆိုလို့သွားယူတော့ သမီးငယ်လေးပက်စ်စပို့ရယ်၊ ပီးချူးရုပ်လေးနှစ်ရုပ်ရယ်ပြန်ပေးလိုက်ပါတယ်။ ကျန်တဲ့ပစ္စည်းတွေဘာသတင်း ဘာအစအနမှ မမြင်ရ မကြားရသေးပါဘူး။”လို့ ရေးသားထားပါတယ်။
တခြားသောမိသားစုဝင်တွေလည်း ထိုနည်းတူ ဘာပစ္စည်းမှပြန်မရကြးသလို အဆောင်တွေဖြိုချတဲ့အချိန်မှာလည်း အခန်းပိုင်ရှင်တွေကိုဝင်ခွင့်မပေးဘူးလို့ ဆိုပါတယ်။အခန်းပိုင်ရှင်တွေကတော့ နေရာ သတ်မှတ်ပြီးကြည့်ရှုခွင့်ပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ မီးသတ်ဌာနကတော့ ကယ်ဆယ်ရှာဖွေရေးလုပ်နေတဲ့အချိန်မှာ ရရှိလာတဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာတွေနဲ့ ပိုက်ဆံတွေကို ပြန်လည်အပ်နှံတယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ငလျင်လှုပ်ပြီး ပြိုကျပျက်ဆီးခဲ့တဲ့ ဂရိတ်ဝေါဟိုတယ်အောက်မှာ ပိတ်မိသေဆုံးခဲ့တဲ့ မိသားစုဝင်တစ်ဦးကလည်း ၎င်းတို့ပိုင်တန်ဖိုးကြီးကျောက်စိမ်းတွေ ပါဝင်တဲ့ ခရီးဆောင်အိတ်ကို ပြန်ပေးဖို့ ဟို တယ်ဘက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။