မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး ငလျင်ဘေးဒဏ်သင့်ဒေသတွေကို အတားအဆီးမရှိ သွားလာခွင့်ပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။
လူသားချင်းစာနာထောက်ထားရေး ယာဉ်တန်းတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ အကဲဖြတ်ရေးအဖွဲ့တွေရဲ့ သွားလာမှုကို မထိန်းချုပ်ဖို့ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနဲ့ ယာယီ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ မာကိုလူဂျီကော်စီက တောင်းဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ထောက်ပံ့ရေးဆိုင်ရာ အခက်အခဲတွေရှိပေမဲ့ အကူအညီလိုအပ်တဲ့နေရာတွေကို ရောက်အောင် ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။ ငလျင်ဟာ ဆိုးဝါးနေပြီးသား မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုပြီးဆိုးဝါးသွားစေတယ်လို့ မစ္စတာ မာကိုလူဂျီကော်စီက ပြောပါတယ်။
“ဤနောက်ဆုံးကြေကွဲဖွယ်ဖြစ်ရပ်သည် ယခင်ကတည်းက ဆိုးရွားနေသော အကျပ်အတည်းကို ပိုမိုဆိုးဝါးစေပြီး ပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် ယခင်က ဘေးအန္တရာယ်များကြောင့် အကြိမ်ကြိမ်ဘေးသင့်ခဲ့ရသော လူမှုအဖွဲ့ အစည်း များ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမိုကျဆင်းစေနိုင်သည်” မစ္စတာ မာကိုလူဂျီကော်စီက ပြောဆိုထားပါတယ်။
ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အသက်ကယ် တုံ့ပြန်ဆောင်ရွက်မှုအတွက် ကနဦးငွေ ဒေါ်လာ ၁၅ သန်းကို စုပေါင်း ထည့်ဝင်ထားပြီး အရေးပေါ်သုံးပစ္စည်းတွေကို ကို စုစည်းထားကြောင်းနဲ့ မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ခိုင်မာတဲ့ထောက်ပံ့မှုတွေ ချက်ချင်းလက်ငင်း လိုအပ်နေတယ်လို့လည်း မစ္စတာ မာကိုလူဂျီကော်စီက ဆိုပါတယ်။
ဓာတ်ပုံ -MFSD