Homeပြည်တွင်းသတင်းငလျင်နောက်ဆက်တွဲ အခြေအနေတွေကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့ တစ်ဖက်သတ်အပစ်ရပ်ကာလ နောက် ထပ် ၁ လ ထပ်တိုး

ငလျင်နောက်ဆက်တွဲ အခြေအနေတွေကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့ တစ်ဖက်သတ်အပစ်ရပ်ကာလ နောက် ထပ် ၁ လ ထပ်တိုး

မေ၊ ၂၀၂၅

လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့က အပစ်အခတ်ရပ်စဲရေးကာလကို ၁ လသက်တမ်း ထပ်တိုးလိုက်ပါတယ်။

AA ၊ MNDAA နဲ့ TNLA တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က အပစ်အခတ်ရပ်စဲရေးကို မေလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးကြောင်း ယမန်နေ့ညပိုင်းက ကြေညာထားပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီးနဲနောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အအုံတွေကို ရှင်းလင်းဖယ်ရှားရန်၊ ငလျင်အပျက်အစီး အဆောက်အအုံတွေအကြား အသက်ရှင် ကျန်ရစ်နေတဲ့ လူနဲ့အိမ်မွေးတိရစ္ဆာန်တွေကို ရှာဖွေကယ်ဆယ် ရေး တွေလုပ်နိုင်ဖို့အတွက် သက်တမ်းထပ်တိုးတာဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ပထမအကြိမ် ကြေညာခဲ့ပြီးနောက် ယခုဒုတိယအကြိမ်ထပ်မံသက်တမ်းတိုးကြေညာခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ၁ လတာ ကြာသည့်တိုင်အောင် ရှင်းလင်း ဖယ်ရှားရေးလုပ် ငန်းတွေကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးသလို ငလျင်နောက်ဆက်တွဲ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ အချိန်ထပ်မံလိုအပ်နေတာကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တဖက်သတ် အပစ်ရပ်ကာလကို သက်တမ်းထပ်တိုးတာဖြစ်တယ်လို့ သိရပါတယ်။

ယခု ကြေညာချက် ထုတ်ပြန်ချိန်မှစ၍ ညီနောင်မဟာမိတ် (၃) ဖွဲနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ နေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ တုံပြန်မှုမျိုးကလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ငလျင်ကြောင့် အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်းထပ်တိုးထားပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ – PSLF/TNLA

ဆက်စပ် သတင်းများ

Most read