စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ကြောင့် လွတ်မြောက်လာတဲ့ ဝန်ထမ်းတွေကို အတင်းအကြပ်ရုံးတတ်ခိုင်းနေတယ်လို့ Non – CDM ဝန်ထမ်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်က ဌာနဆိုင်ရာအဆောက်အဦးတွေ၊ ဝန်ထမ်းအိမ်ရာတွေ အများဆုံးပြိုကျပျက်ဆီးခဲ့တာဖြစ်ပါတယ်။ ငလျင်ကြောင့် ဝန်ထမ်းအများအပြားသေဆုံးခဲ့ရသလို မိသားစုဝင်တွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကိုယ်ကတော့ လွတ်လာတယ်။ ဝန်ထမ်းအိမ်ရာမှာ ကျန်ခဲ့တဲ့ ကိုယ့်မိသားစုဝင်တွေက ပါသွားတာပေါ့။ နေတာကလည်း မြေညီထပ်လေ။ သမီးလေးဆိုရင် ၆ ရက်လောက်အထိစကားပြောနေသေးတာအထဲကနေ။ ကျွန်မကနေပြီးတော့ ကယ်ပေးပါဆိုပြီးပြောတာကို မသိကျေးကျွန်ပြုတယ်။ သူ့ကိုကယ်ရင် အပေါ်ကကျန်နေသေးတယ့်အဆောက်အဦးက ထပ်ပြိုရင်ဘယ်လိုလုပ်မလဲဆိုပြီးပြောတယ်။ အဲဒီလိုနဲ့ ကလေးကဆုံးသွားတယ်။ ခုချိန်ထိလည်း dead body ပြန်မရဘူး။ လူတွေက ငလျင်ကြောင့်အပူတွေနဲ့ဖြစ်နေတာကို အတင်းအကြပ်ရုံးပြန်တတ်ခိုင်းတယ်။ စိတ်ကလည်းအဆင်မပြေဘူး” လို့ စစ်ကောင်စီလက်အောက်ခံ Non- CDM ဝန်ထမ်းတဦးက New Day Myanmar ကိုပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ဧပြီလကုန်ပိုင်းမှာ ရုံးတွေအကုန်လုံး ပြန်ဖွင့်ဖို့စီစဉ်နေတာဖြစ်ပါတယ်။
ငလျင်ကြောင့် နေပြည်တော်တွင်းရှိ ဝန်ထမ်းအိမ်ယာနဲ့အထပ်မြင့်အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၄၈၉ ယောက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ သေဆုံးမှုတွေထဲမှာ အတွင်းဝန် အဆင့်နဲ့ ညွှန့်ကြားရေးမှူး အဆင့်တွေပါဝင်တယ်လို့ သိရပါတယ်။