Homeပြည်တွင်းသတင်းငလျင်ကယ်ဆယ်ရေး EU က ယူရို ၁၀ သန်းထပ်မံထောက်ပံ့၊ UNICEF ကတဆင့်ဖြန့်ဖြူးနေ

ငလျင်ကယ်ဆယ်ရေး EU က ယူရို ၁၀ သန်းထပ်မံထောက်ပံ့၊ UNICEF ကတဆင့်ဖြန့်ဖြူးနေ

၈ ဧပြီ၊ ၂၀၂၅

မတ်လ ၂၈ ရက် က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်မှုများ ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ နောက်ထပ် ယူရို ၁၀ သန်းကို ထပ်ဆောင်း ပံ့ပိုးပေးမယ်လို့ ဥရောပသမဂ္ဂ EU က ဧ​ပြီ ၇ ရက်မှာ ကြေညာပါတယ်။

ဒီရန်ပုံငွေဟာ အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့်နဲ့ မိလ္လာသန့်ရှင်းရေးဝန်ဆောင်မှုတွေ အပါအဝင် မိသားစုခြေရာခံခြင်း နဲ့ ပြန်လည်ပေါင်းစည်းခြင်း တို့ကို ပံ့ပိုးပေးမယ်လို့ ဆို်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွက် ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၁၃ သန်း အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလျာထားချက် ယူရို ၄၆ သန်း ရဲ့ တစိတ်တဒေသဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဥရောပက ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါဝင်တဲ့ အဖွဲ့နဲ့ အီးယူ ဆက်သွယ်ရေးအရာရှိနှစ်ဦးက လူသားချင်းစာနာထောက်ထားမှုမိတ်ဖက်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ မြေပြင်မှာ တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။

EU ရဲ့ပထမဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းအဖြစ် ကိုပင်ဟေဂင်ကနေ ရန်ကုန်ကို EU ပိုင်အရေးကြီးသောပစ္စည်း ၈၀ တန်ကို သယ်ဆောင်လာခဲ့ပြီး ယခုအခါ UNICEF က တဆင့် မြေပြင်ပေါ်မှာ ဖြန့်ဖြူပေးနေတယ်လို့ သိရပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေ ဘေးကင်းလုံခြုံစွာနဲ့ ကန့်သတ်မှုမရှိဝင်ရောက်နိုင်ရေးကို အာမခံချက်ပေးဖို့နဲ့ ပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို အပြည့်အဝလေးစားလိုက်နာပြီး ပြည်သူများနှင့် အကူအညီပေးသူများကို ကာကွယ်ရန်အတွက် လိုအပ်သောအစီအမံအားလုံးကို ဆောင်ရွက်ဖို့ EU ကတိုက်တွန်းထားပါတယ်။

ဓါတ်ပုံ – WFP

ဆက်စပ် သတင်းများ

Most read