Homeပြည်တွင်းသတင်းဂွမြို့က နောက်ဆုံးခံစစ်တပ်ရင်းကို AA သိမ်းယူနိုင်ကြောင်း သတင်းတွေထွက်ပေါ်

ဂွမြို့က နောက်ဆုံးခံစစ်တပ်ရင်းကို AA သိမ်းယူနိုင်ကြောင်း သတင်းတွေထွက်ပေါ်

၂၉ ဒီဇင်ဘာ၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ ဂွမြို့က စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA)က အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး နောက်ဆုံးခံစစ်တပ်ရင်း ခမရ ၅၆၂ ကို ဒီဇင်ဘာ၂၈ ရက်နေ့ညပိုင်းက အပြီးသတ် သိမ်းပိုက်နိုင်ပြီလို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဂွမြို့အတွင်းက ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တပ်ရင်းတွေကို ဒီဇင်ဘာလအတွင်း AA ထိုးစစ်ဆင်ခဲ့ရာမှာ ခမရ ၅၆၃ ကိုရက်ပိုင်းအတွင်း သိမ်းယူနိုင်ပြီး ခမရ ၅၆၂ ကို ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ခမရ ၅၆၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို အရှင်လက်ရ ဖမ်းဆီးထားပြီး ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်ပြီး ဖမ်းဆီးရမိဖို့ ကြိုးစားနေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ကောင်စီဟာ ဂွမြို့ကို စစ်ကားအစီးရေ ၄၀ နဲ့ စစ်အင်အား ၅၀၀ ကျော်အပြင် တင့်ကား ဆယ်စီးကျော်ကို စစ်ကူပို့ထားပြီး ခုခံခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

AA ဘက်က ဂွမြို့သိမ်းတိုက်ပွဲအခြေအနေနဲ့ပတ်သတ်ပြီး ထုတ်ပြန်ခြင်း၊ အတည်ပြုခြင်းမရှိသေးပါဘူး။ ရခိုင်ပြည်နယ်မှာ အမ်း ၊ တောင်ကုတ်၊ မောင်တော နဲ့ ဂွ မြို့နယ်တွေကို တပြိုင်နက်စစ်မျက်နှာဖွင့်ထားပြီး ဂွမြို့နယ်ပါ ရရှိရင် ၄ မြို့နယ်လုံး သိမ်းပိုက်နိုင်ပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို AA ဘက်က သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့ကို သိမ်းပိုက်နိုင်ပါက ရခိုင်ပြည်နယ်တစ်ခုလုံး စစ်ကောင်စီတပ်ဖွဲ့တွေ ထိန်းချုပ်မှုအောက်က လွတ်မြောက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ – AA Info Desk

ဆက်စပ် သတင်းများ

Most read