ဂျပန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Kamigumi ၊ Sumitomo Corporation နဲ့ Toyota Tsusho တို့ဟာ ရန်ကုန်မြို့က သီလဝါဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်းစီမံကိန်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။
Justice For Myanmar ရဲ့ ဖော်ပြချက်အရ Kamigumi ၊ Sumitomo Corporation နဲ့ Toyota Tsusho တို့ဟာ သီလဝါဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်းစီမံကိန်းက နုတ်ထွက်တော့မှာဖြစ်ကြောင်းနဲ့ စာရင်းဖျက်သိမ်းမှုတွေကို စတင်လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ ဆိိုပါတယ်။
ဒါပေမယ့် အခုလိုနှုတ်ထွက်မှုဟာ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးတွေအတွက် OECD လမ်းညွှန်ချက်တွေ ဒါမှမဟုတ် စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူတွေ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိကြောင်း အသေးစိတ် အချက်အလက် တစ်စုံတရာတော့ မရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီ စီမံကိန်းပိုင်ဆိုင်မှုပစ္စည်းတွေကို ဘယ်လို လွှဲပြောင်းမယ် စာချုပ်ရပ်ဆိုင်းမှုအတွက် လျော်ကြေးတွေကို စစ်အုပ်စုထံ ပေးချေခြင်းရှိမရှိ၊ ဒါမှမဟုတ် စီမံကိန်းက နောင်ရရှိလာမယ့်ဝင်ငွေတွေကို စစ်တပ်ဆက်နွှယ်အဖွဲ့အစည်းတွေ ထံမရောက်ရှိစေရေး ဘယ်လို ကာကွယ်မယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာမှုတော့ မရှိဘူးလို့ ထုတ်ပြန်ပါတယ်။
သီလဝါမှာပဲ ရင်းနှီးမြှုပ်နှံ့ထားတဲ့ ဂျပန်အစိုးရပိုင် အခြေခံအဆောက်အဦကဏ္ဍရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း JOIN က စုံစမ်းမေးမြန်းမှုတွေကို ထိထိရောက်ရောက် ပြန်လည်ဖြေကြာတာမျိုး မရှိသလို Nippon Export and Investment Insurance (NEXI) ကလည်း ဆိပ်ကမ်းစီမံကိန်းကို “သဘာဝပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှု အနည်းငယ် သို့မဟုတ် မရှိ” အဆင့် သတ်မှတ်ထားကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြန်လည်သုံးသပ်မှုတစ်ရပ် လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အကြောင်းပြန်ကြားထားပါတယ်။
မြန်မာနိုင်ငံ၊ သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းဟယ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်အုပ်စုစီးပွားရေး လုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ဆက်စပ်အထောက်အထားတွေ ရှိတဲ့ ခရိုနီကုမ္ပဏီ Ever Flow River Group (EFR) နဲ့ မိတ်ဖက်လုပ်ကိုင်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် စီမံကိန်းက နုတ်ထွက်ရာမှာ ပွင့်လင်းမြင်သာမှု ရှိရေးနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာရေးအတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ၊ အစိုးရကျောထောက်နောက်ခံရှိ အာမခံကုမ္ပဏီနဲ့ အခြေခံအဆောက်အဦကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတခုတို့ကို ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။