Homeပြည်တွင်းသတင်းဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခုကို စစ်ကောင်စီပိတ်ခိုင်း

ဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခုကို စစ်ကောင်စီပိတ်ခိုင်း

၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅

ရန်ကုန်မြို့က နာမည်ကြီး ဂရန်းဟံသာဆေးရုံအပါအဝင် ဆေးရုံကိုးခုကို CDM ဝန်ထမ်းတွေကို အလုပ်ခန့်ထားတဲ့အတွက် စစ်ကောင်စီက အခုလက စတင်ပြီး ပိတ်ပင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဂရန်းဟံသာဆေးရုံကို ၁နှစ်၊ ဆာကူရာဆေးရုံကို ၆ လ၊ OSCဆေးရုံကို ၁ နှစ်၊ သမိုင်းဆေးရုံကို ၃ လ၊ ကောင်းဆေးရုံကို ၃ လ၊ ကောင်းစုအောင်ဆေးရုံကို ၂ နှစ် နဲ့ ကျန်းမာသုခဆေးခန်း၊ ချမ်းမြေ့ဆေးခန်း၊ မြတ်တော်ဝင်ဆေးခန်းစတဲ့ ဆေးခန်း၃ခုကိုအပြီးပိတ်ဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်။

” ပိတ်ခိုင်းတာမှန်ပါတယ်။ အဓိကက CDM ဆရာဝန်တွေထိုင်လို့။ ပြီးခဲ့တဲ့လကတည်းက စာထုတ်ထားတာ။ ဂရန်းဟံသာက ဒီလကနေစပိတ်ရမယ်။ ကျန်တဲ့ဆေးရုံတွေက မတ်လကနေစမယ်” လို့ စစ်ကောင်စီအရာရှိတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ရန်ကုန်မြို့မှာ‌ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၂၇ ရပ်ကွက်၊ ဆရာစံလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပင်လုံ ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ က ဖေဖော်ဝါရီလနဲ့ မတ်လမှာ နှစ်လ ယာယီ ပိတ်သိမ်းခိုင်းခဲ့သေးသလို ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာ ပုဂ္ဂလိကဆေးရုံကို မေလ ၁ ရက်နေ့ကစပြီး အချိန်နှစ်လကြာ ယာယီ ပိတ်သိမ်းခိုင်းထားမှု တွေရှိခဲ့ပါတယ်။

ဓာတ်ပုံ – pro clinic

ဆက်စပ် သတင်းများ

Most read