Homeပြည်တွင်းသတင်းခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထပ်ပြီးလျှော့ချဖို့ ဦးအောင်ဆန်းဦး တောင်းဆို

ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထပ်ပြီးလျှော့ချဖို့ ဦးအောင်ဆန်းဦး တောင်းဆို

၂၃ အောက်တိုဘာ၊ ၂၀၂၄

လူထုခေါင်းဆောင် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို အမွေဆိုင်ခြံအဖြစ် စစ်ကောင်စီက သတ်မှတ်ပေးပြီးတဲ့နောက် လေလံ ၂ ကြိမ်ဆွဲပေမယ့် ဝယ်ယူမယ့်သူမရှိ တာကြောင့် လေလံကြမ်းခင်းဈေး ထပ်ပြီး လျှော့ချဖို့ ဦးအောင်ဆန်းဦးက တရားရုံးကို ရှေ့နေကတဆင့် တင်ပြပါတယ်။

အမှတ် ၅၄ ရဲ့ အိမ်နဲ့ခြံ ကြမ်းခင်းလေလံစျေးကို ငွေကျပ် ၃၀၀ ဘီလီယံ ကနေ ဘီလီယံ ၂၉၀ လျှော့ချပေးဖို့ တင်ပြတောင်းဆိုလိုက်ပါတယ်။ ပထမအကြိမ် လေလံဈေးဟာ ငွေကျပ် ဘီလီယံ ၃၁၅ သတ်မှတ်ထားပြီး ၊ ဒုတိယအကြိမ်လေလံဈေးဟာ ဘီလီယံ ၃၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် လေလံဆွဲပြီးနောက် ဝင်ပြိုင်ဝယ်ယူသူမရှိတာကြောင့် ဦးအောင်ဆန်းဦးဘက်က ရှေ့နေ ကနေတဆင့် ‌ငွေကျပ် ၂၈၅ ဘီလီယံကိုလျှော့ချသတ်မှတ်ပေးဖို့ တရားရုံးကိုတင်ပြခဲ့ပေမဲ့ တရားရုံးက နှစ်ဖက်ရှေ့နေတွေနဲ့ အပြန်အလှန်ကြားနာပြီးနောက်မှာတော့ တရားရုံးက ငွေကျပ် ဘီလီယံ ၃၀၀ ကို လျှော့ချသတ်မှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက ငွေကျပ် ၃၁၅ ဘီလီယံ သတ်မှတ်ထားတဲ့ လေလံစျေးနှုန်းကို ဘီလီယံ ၃၀ လျော့ပြီး ၂၈၅ ဘီလီယံ သတ်မှတ်ပေးဖို့ တင်ပြခဲ့သလို တရားနိုင်တစ်ဦးအနေနဲ့ ဦး‌အောင်ဆန်းဦးက ခြံဝင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ တရားရုံးကို တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ဝန်ကြီးအိမ်ယာက နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့ပြီး နောက်ပိုင်း ရှေ့နေတွေနဲ့ တွေ့ခွင့်မရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဟာ အမှုသည်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီကို ၁၀ ကြိမ် ထက်မနည်း စာတင်တောင်းဆိုထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီ နှစ်နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့အပါအဝင် မိသားစုဝင် သားဖြစ်သူလည်း တွေ့ခွင့်မရပါဘူး။

လက်ရှိမှာ အာဏာသိမ်းပြီးနောက် အကျဥ်းချခံထားရသူခေါင်းဆောင်တချို့ကို မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့် ခွင့်ပြုနေပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေကို ပေးတွေ့ဖို့ ခွင့်ပြု ခြင်း၊ အကြောင်းပြန်ခြင်းမရှိသေးပါဘူး။

ပုံစာ – အမေရိကန်သမ္မတဘားရက်အိုဘားမား ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့လာရောက်တွေ့ဆုံစဉ်

ဆက်စပ် သတင်းများ

Most read