၂၃ ဇန်နဝါရီ ၊ ၂၀၂၅
သရုပ်ဆောင် ဦးကျော်သူ ပါဝင်တဲ့ ခြေဆယ့်တစ်လှမ်း ရုပ်ရှင်ဇာတ်ကား အကြိုပြပွဲ သတင်းလာယူတဲ့ မီဒီယာအမည်ခံ ဆယ်လီဌာန နဲ့ စစ်ကောင်စီရဲ့ ထောက်ပံ့ငွေနဲ့ လည်ပတ်နေတဲ့ Eleven နဲ့ Popular လို သတင်းဌာနတွေကို စစ်ကောင်စီ က သတင်းမတင်ကြဖို့ ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
ရုံတင်မပြသမီ ဇာတ်ကားအကြိုမိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၁ ရက် နေပြည်တော်ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပြီး ဒါရိုက်တာ သိုးဆောင်းလည်း တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အရင်ကတော့ အဲ့ဒီဇာတ်ကားဟာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ဦးကျော်သူ ပါဝင်သလို နိုင်ငံရေး စကားလုံးတွေ ပါတယ်လို့ အကြိုပြပွဲတက်ရောက်ခဲ့သူ တဦးက New Day Myanmar ကိုပြောပါတယ်။
“ဇာတ်ကားက နိုင်ငံရေးဇာတ်ကား။ အဲဒီထဲမှာ ဦးကျော်သူပြောတဲ့ ဒိုင်ယာလော့တွေက လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ အတူတူပဲ။ ဇာတ်ကားအကြိုပြသတဲ့နေ့မှာပဲ အပိတ်ခံရတယ်။ ပွဲကိုသတင်းလာယူတဲ့ ဆယ်လီမီဒီယာတွေကိုလည်း အကုန်ဖြုတ်ချခိုင်းတယ်။ မတင်ခိုင်းဘူး။ဒါရိုက်တာ သိုးဆောင်းကလည်းအင်တာဗျူးတွေဖြေထားတာပေါ့။ အကုန်ပိတ်ခံရတာ” လို့ ပွဲတတ်ရောက်သူကဆိုပါတယ်။
ခြေဆယ့်တစ်လှမ်းရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ဦးကျော်သူအပါအဝင် အလင်းရောင်နဲ့ ခင်ဝင့်ဝါတို့ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ခြေဆယ့်တစ်လှမ်းရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတာ ၆ နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင် ဦးကျော်သူကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားပါတယ်။