Homeပြည်တွင်းသတင်းချွန်ဘူရီ ရွေးကောက်ပွဲအငြင်းပွားမှုကြောင့် People’s Party က ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲမယ်လို့ ကြေညာ

ချွန်ဘူရီ ရွေးကောက်ပွဲအငြင်းပွားမှုကြောင့် People’s Party က ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲမယ်လို့ ကြေညာ

၁၀ ဖေဖော်ဝါရီ ၂၀၂၆

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် မဲဆန္ဒနယ်အမှတ် (၁) မှာ ဖြစ်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနဲ့ပတ်သက်ပြီး People’s Party က ထိုင်းရွေးကောက်ပွဲကော်မရှင် (EC) အဖွဲ့ဝင် ၇ ဦးနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိတွေကို တရားစွဲဆိုသွားမယ်လို့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

အဆိုပါ မဲဆန္ဒနယ်အတွင်း မြို့နယ်စည်ပင်သာယာဌာနပိုင် ကြက်တောင်ကွင်းမှာ ဖွင့်လှစ်ခဲ့တဲ့ မဲရုံတစ်ရုံမှာ မဲမသမာမှုရှိနိုင်တယ်ဆိုတဲ့ သံသယတွေ ပေါ်ပေါက်လာပြီးနောက် ဒေသခံမဲဆန္ဒရှင်တွေက မဲပြန်လည်ရေတွက်ပေးဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒေသခံတွေက မဲရုံအတွင်းရှိ အမှိုက်ပုံးတွေမှာ မဲစာရင်းစာရွက်တွေ၊ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ စွန့်ပစ်ထားတာတွေ့ရကြောင်း ထောက်ပြခဲ့ပြီး အဲ့ဒီအခြေအနေတွေကြောင့် မဲမသမာမှုရှိနိုင်တယ်လို့ ဆိုကြပါတယ်။

ဒီဆန္ဒပြမှုအပေါ် ထိုင်းရွေးကောက်ပွဲကော်မရှင်က မဲပြန်လည်ရေတွက်ရေးကို နှစ်ရက်ကြာ ဆိုင်းငံ့ထားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

People’s Party ပြောရေးဆိုခွင့်ရှိသူ ဝီရုတ် လက္ခဏာထိဆွန် နဲ့ ချွန်ဘူရီခရိုင် အမတ်လောင်း ဝမ်ရတ် သီရိရတ် တို့ဟာ ဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့ မဲရုံကို ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။

အစပိုင်းမှာ People’s Party ဘက်က ဒီဆန္ဒပြမှုတွေကို ပါတီက ကြိုးကိုင်ခဲ့တာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပေမယ့် မဲမသမာမှုနဲ့ မရိုးမသား လုပ်ဆောင်ချက်တွေ တွေ့ရှိလာတာကြောင့် တရားဥပဒေအရ ဆက်လက်အရေးယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

People’s Party ပြောရေးဆိုခွင့်ရှိသူ ဝီရုတ် လက္ခဏာထိဆွန်က မဲရုံအတွင်း ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေဟာ ရွေးကောက်ပွဲဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြောကြားခဲ့ပြီး မဲပြန်လည်ရေတွက်ဖို့ ပြည်သူတွေ တောင်းဆိုနေတာကို နှစ်ရက်ကြာ အချိန်ဆွဲထားတာကလည်း သံသယဖြစ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ချွန်ဘူရီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၇ ဦးလုံးကို ချွန်ဘူရီမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၁၅၇ (တာဝန်ဝတ္တရားပျက်ကွက်မှု) နဲ့ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၂၄ အရ တရားစွဲဆိုသွားမယ်လို့ ဝီရုတ် လက္ခဏာထိဆွန်က ပြောပါတယ်။

People’s Party ဘက်က ထုတ်ပြန်ချက်အရ မဲရေတွက်နေစဉ်အတွင်း မီးပြတ်သွားချိန်မှာတောင် ပန်ကာတွေ ဆက်လက်လည်ပတ်နေတာ၊ မဲရေတွက်ပြီးတဲ့ မဲပုံးတွေမှာ လုံခြုံရေးတံဆိပ်တွေ စနစ်တကျ မချိပ်ပိတ်ထားတာ၊ အမှိုက်ပုံးတွေမှာ မဲလက်မှတ်နဲ့ မဲစာရင်းတွေ စွန့်ပစ်ထားတာတွေဟာ ရွေးကောက်ပွဲ မသမာမှုရဲ့ လက္ခဏာတွေဖြစ်တယ်လို့ ဆိုပါတယ်။

People’s Party တာဝန်ရှိသူတွေဟာ ချွန်ဘူရီခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး မဲရုံကိစ္စကို ဆက်လက်စုံစမ်းပေးဖို့နဲ့ ရွေးကောက်ပွဲကော်မရှင်က မဲပြန်လည်ရေတွက်မလုပ်ခင် နှစ်ရက်အတွင်း မဲပုံးတွေကို စောင့်ကြပ်စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး