Homeပြည်တွင်းသတင်းချောင်းဦးမြို့နယ်ကို စစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းကပါ တိုက်ခိုက်တာကြောင့် ကလေးတစ်ဦးအပါအဝင် ‌အရပ်သား ၆ ဦး သေဆုံး

ချောင်းဦးမြို့နယ်ကို စစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းကပါ တိုက်ခိုက်တာကြောင့် ကလေးတစ်ဦးအပါအဝင် ‌အရပ်သား ၆ ဦး သေဆုံး

၂၇ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း ရွာနှစ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့အပြင် လေတပ်ကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ နွယ်ခွေရွာနဲ့ ချောင်းမရွာတွေကို စစ်ကြောင်း ဝင်ထိုးခဲ့ပြီး လေတပ်ကလည်း စက်တပ်လေထီးအပြင် ဂျက်ဖိုက်တာနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးပြီး လေကြောင်းက ပစ်ခတ်တဲ့အတွက် လူနေအိမ်တွေ ပျက်စီးဆုံးရှုံးသလို သေဆုံးသူတွေက ၆ ဦး ရှိနေပြီး ဒီထက်လည်း ပိုနိုင်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ထိခိုက်ဒဏ်ရာရသူစာရင်း အတိအကျ မသိရသေးဘူးလို့ ပြောဆိုပြီး ဒီပစ်ခတ်မှုကို ချောင်းဦးမြို့နယ် ပကဖအဖွဲ့ကလည်း အတည်ပြုထားပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ ဗောဓိတစ်ထောင်ဘုရားကုန်းက တာဝါတိုင်ကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပုံစာ – ချောင်းဦးမြို့နယ်အတွင်းစစ်ကောင်စီ လေကြောင်းတိုက်ခိုက်စဉ် (ပုံဟောင်း)

ဓာတ်ပုံ – ချောင်းဦးပကဖ

ဆက်စပ် သတင်းများ

Most read