Homeပြည်တွင်းသတင်းချောင်းသာ၊ ငွေဆောင်ကမ်းခြေဟိုတယ်များ မီးစက်အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေ ရွှေ့ပြောင်းသိမ်းဆည်း

ချောင်းသာ၊ ငွေဆောင်ကမ်းခြေဟိုတယ်များ မီးစက်အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေ ရွှေ့ပြောင်းသိမ်းဆည်း

၂၂ ဇန်နဝါရီ၊ ၂၀၂၅

ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေက ဟိုတယ်တွေဟာ မီးစက်နဲ့ တခြား ပျက်စီးလွယ်တဲ့ ဟိုတယ်ပိုင်ပစ္စည်းတွေကို ပုသိမ်က ဂိုထောင်တွေမှာ ရွှေ့ပြောင်းသိမ်းဆည်းနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ရွှေသောင်ယံက ဟိုတယ်တွေကတော့ မီးစက်တွေ ရွှေ့ထားကြပြီ။ တခြား တန်ဖိုးကြီးပစ္စည်းတွေပေါ့။ ချောင်းသာနဲ့ ငွေဆောင်လည်း မီးစက်ကြီးတွေ ဖြုတ်သိမ်းတယ်၊ အကုန်လုံးကတော့ လက်နက်ကြီး ကြောက်ကြတာပဲ။ ဒီနားတဝိုက်မှာပဲ ဂိုထောင်လိုသိမ်းထားတာရယ် ပုသိမ်ပို့သိမ်းတာရယ်တွေ ရှိတယ်။ Sea and Lake Hotel တောင် အလှပြထားတဲ့ ကျောက်စိမ်းတုံးကြီးတွေ ပုသိမ်သွားသိမ်းထားတယ်ကြားတယ်။ ချောင်းသာကမ်းခြေကတော့ ခြောက်ကပ်နေတာပဲ။ တချို့ချောင်းသာဒေသခံတွေတောင် စစ်ရှောင်နေကြတယ်” လို့ ချောင်းသာဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

သူကပဲ ဆက်လက်ပြီး ချောင်းသာကမ်းခြေကတောင် စစ်ရေယာဉ်တွေ သွားလာနေကြတာကို မြင်နေရကြောင်း ၊ ရွှေသောင်ယံဘက်မှာလည်း ဒေသခံတစ်ချို့သာ ကျန်ပြီး စစ်ရှောင်နေကြတယ်လို့ ပြောဆိုသွားပါတယ်။

ဧရာဝတီတိုင်းရေကြည်မြို့နယ်၊ ချင်းစုရွာအနီးမှာ AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့ AA ကလည်း ဇန်နဝါရီ ၂၁ က ထုတ်ပြန်ထားပါတယ်။ လက်ရှိစစ်ဖြစ်ပွားနေတဲ့ ဘောမိရွာနဲ့ ချောင်းသာကမ်းခြေမှာ နီးကပ်နေတဲ့အတွက် ချောင်းသာရွာထဲမှာလည်း ဒေသခံနည်းနည်းသာကျန်တော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ – ချောင်းသာကမ်းခြေ ခြောက်ကပ်နေကြောင်းဒေသခံတွေ လူမှုကွန်ယက်မှာတင်စဉ်

ဓာတ်ပုံ – Ko Ye Yint

ဆက်စပ် သတင်းများ

Most read