Homeပြည်တွင်းသတင်းချင်းပြည်နဲ့ ကရင်နီပြည်တွေအတွက် NUGက ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူ

ချင်းပြည်နဲ့ ကရင်နီပြည်တွေအတွက် NUGက ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူ

၁၀ ဇန်နဝါရီ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ချင်းပြည်နဲ့ ကရင်နီပြည်တို့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူတဲ့ အလုပ်ခေါ်စာတွေကို ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်နယ်အတွက် ခေါ်တဲ့အလုပ်ခေါ်စာမှာ ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လျှောက်ထားနိုင်တဲ့ တာဝန်တွေက ဘာသာရပ်စုံအထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သွားနှင့်ခံတွင်း၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ၊ အထူးပြုသူနာပြုနဲ့သူနာပြုများ၊ စီမံဘဏ္ဍာ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာ၊ ဘွဲ့ ရရှိသူများ၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူများ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလို မာဘွဲ့ရရှိသူများ၊ ကျန်းမာရေးမှူးများ၊ အမျိုး သမီးကျန်းမာရေးဆရာမများ(LHV)၊ ပြည် သူ့ကျန်းမာရေးကြီးကြပ်-၁ နှင့် ၂၊ သားဖွား ဆရာမများ၊ ဌာနခွဲစာရေး(BC)အကြီးတန်းနဲ့ အငယ်တန်းစာရေးများ စတဲ့ ရာထူးနေရာ ၁၆ မျိုးကို ခေါ်ယူတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွက် အထူးကု ဆရာဝန်များနဲ့ ဆရာဝန်များကို ခေါ်ယူတာ ဖြစ်ပါတယ်။

ရွေးချယ်ခံရသူများသည် တာဝန်ချထားမည့်နေရာတွေအတွက် လိုအပ်သည့်သင်တန်းများကို သတ်မှတ်အစီအစဉ်တွေအတိုင်း တက်ရောက်ရမှာဖြစ်ပြီး NUGအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအစိုးရတွေရဲ့အစီအစဉ်နဲ့ ဒေသအသီးသီးမှာ ပြန်ပြီး နေရာချထားမှာ ဖြစ်ပါတယ်။

” တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲ ကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမည်ဖြစ်ပါသည်”လို့ NUG အစိုးရရဲ့ အလုပ်ခေါ်ယူကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ချင်းပြည်တောင်ပိုင်းမှာ အဓိကမြို့ကြီးတွေဖြစ်တဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ နဲ့ ၂၂ ရက်တွေမှာ အပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ – NUG ၊ MOH

ဆက်စပ် သတင်းများ

Most read