ချင်းပြည်နယ် တီးတိန်မြို့နဲ့ မင်းတပ်မြို့နယ်တွေအတွင်းကို စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၆ ဦးအပါအဝင် ဒေသခံ ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက် မနက်ပိုင်း တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြုတိုက် ခိုက်ခဲ့ တာကြောင့် ဗုံးလာရောက်ကြဲချချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေး ၄ ဦး အပါအဝင် မိသားစုဝင် ၆ ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မင်းတပ်မြို့နယ် တိုက်နယ် ၄ အတွင်းကို မနေ့ညပိုင်းကပဲ လေကြောင်းနဲ့ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့လို့ ခရစ္စယာန်အမှုတော်ဆောင် တစ်ပါး၊သက်ကြီးရွယ်အို(၂)ဦး ၊မသန်စွမ်းတစ်ဦး ၊၇ နှစ်သား အရွယ် တစ်ဦး၊၈လသားအရွယ်တစ်ဦး စုစုပေါင်း(၆)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“အမှုတော်ဆောင်ဆရာက ဗုံးကြဲတဲ့အချိန်တုန်းက မသေခဲ့ဘူး ဗုံးကြဲချပြီး ဘုရားကျောင်းနဲ့ အိမ်တွေ မီး လောင်နေတာကို မီးငြိမ်းသက်နေတုန်း နောက်တစ်ခေါက်လေယာဉ်နဲ့လာပစ်တဲ့အချိန်မှာ သေဆုံးခဲ့ရတာ” လို့ မင်းတပ်ဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် AGဘုရားကျောင်း၊အသင်းတော်နေအိမ်တွေနဲ့ ပြည်သူတွေရဲ့နေအိမ်တွေအပါအဝင် အပါအဝင် စုစုပေါင်း နေအိမ် ၁၀ အိမ်ကျော်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။
ပုံစာ – (ယခုလ ၉ ရက်နေ့တွင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မင်းတပ်မြို့နယ် တိုက်နယ် ၄ အတွင်းရှိပြည် သူပိုင်အဆောက်အဦးများ)
ဓာတ်ပုံ- Salai Har Ling