Homeပြည်တွင်းသတင်းကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းနဲ့တိုက်ခိုက်ပြီး စစ်ကြောင်း ထိုးနေ

ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းနဲ့တိုက်ခိုက်ပြီး စစ်ကြောင်း ထိုးနေ

၂၃ နိုဝင်ဘာ၊၂၀၂၄

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်နေပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံ ၈ ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ကျေးရွာတွေထဲ ဝင်ရောက်မီး ရှို့တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်နေတာကြောင့် တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်အပါအဝင် ရွာ ၈ ရွာက ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းထိုးတာ သီးနှံပေါ်ချိန် စပါးရိတ်ချိန်ကြီးဆိုတော့ ကျုပ်တို့တောင်သူလယ်သမားတွေအတွက်တော့ တအားဒုက္ခရောက်တာ၊အဆင်မပြေကြလို့၊စပါးပေး၊ပဲပေးယူပြီး တောင်သူလုပ်ရတဲ့သူတွေ တပုံကြီး၊ဒီကရမှ ပြန်ဆပ်ရတာ အခုတော့ အကုန်ဒုက္ခရောက်တာ၊ဆောင်းတွင်းလဲ ဖြစ်တော့ စစ်ရှောင်ရတာ ကလေးနဲ့ သက်ကြီး ရွယ်အိုတွေအတွက် အအေးဒဏ်ခံရတာမလွယ်ဘူး”လို့ ကျွန်းလှဒေသခံတစ်ဦး ကပြောဆိုထားပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ ပစ္စည်းဥစ္စာတွေကိုလည်း ယူဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၂ဝရက်နေ့က ကုက္ကိုကုန်းရွာကို မီးရှို့ခဲ့ပြီး ဒရုန်းနဲ့ အနီးအနားရွာတွေကို ဗုံးသီးတွေ ကြဲချတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ မဒေါင်ရွာနဲ့ လွှတ်တိုက်ရွာကို မီးရှို့ခဲ့ပြီး ၂၂ ရက်နေ့မှာတော့ ဆွဲလှဲရွာကို မီးရှို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၂ဝရက်နေ့ကနေ ၂၂ ရက်နေ့အထိ သုံးရက်အတွင်း လေကြောင်း ကနေ ငါးကြိမ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့ခြင်း၊လေကြောင်းတိုက်ခိုက်ခြင်း နဲ့ Drone ဗုံးသီးချတိုက် ခိုက်ခြင်းတွေ ကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ တကုန်း၊ ကုက္ကိုကုန်း၊သံပုရာပင်စု၊မြဘုံသာ၊ လွှတ်တိုက်၊မဒေါင်၊ဆွဲလှဲရွာ နဲ့ ကန့်ဘလူမြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာအပါအဝင် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

Photo – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

ဆက်စပ် သတင်းများ

Most read