၈ ဇန်နဝါရီ၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုပ်ကြီးကျေးရွာပအဖ ခေါင်းဆောင် ဦးသိန်းဝေကို အမည်မသိလူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ဇန်နဝါရီ ၆ ရက် မနက် ၆ နာရီဝန်းကျင်မှာ 125 ဆိုင်ကယ်နဲ့ လူစိမ်း ၂ ဦးရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဦးသိန်းဝေရဲ့ ရင်ဘက်နဲ့ ဝမ်းဗိုက်မှာ သေနတ် ၃ ချက် ထိမှန်ခဲ့ပြီး 5.56 အမျိုးအစားနဲ့ပစ်ခတ်ခံရတာဖြစ်ပါတယ်။
မိသားစုဝင်တွေရဲ့အဆိုအရ လမ်းစုံစမ်းတယ်လို့ပြောပြီး ရောက်လာပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြေလတ်အသံသတင်းဌာနက ဖော်ပြထားပါတယ်။ ပစ်ခတ်ခဲ့တဲ့လူတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်မှာ ကောလင်းမြို့နယ်၊ ရှမ်းကလုံးနဲ့ ရွှေတွင်းရွာကြားမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတအဖွဲ့ အတွင်းရေးမှူး အရိန္ဒမာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာလည်း စစ်ကိုင်းတိုင်း၊ကနီမြို့နယ်ထဲက NUG က ခန့်အပ်ထားတဲ့ ပညာရေးတာဝန်ခံကျောင်းဆရာတစ်ဦးနဲ့ သူ့ရဲ့ဇနီးသည်နဲ့ ၃လအရွယ် သမီးဖြစ်သူတို့ကို ရက်ရက်စက်စက်အသတ်ခံရမှုမှာလည်း အခုထိ တရားခံဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ပုံစာ – ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးစဉ်(ပုံဟောင်း)
ဓာတ်ပုံ – ရေစကြို သတင်းကော်မတီ