ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့ နံနက်အစောပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ကို စစ်ကောင်စီဟာ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်မဲမြို့ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။
စစ်ကောင်စီက ဗုံး ၃ ကြိမ်ကြဲချရာမှာ ခိုမုန်းကျေးရွာက ဟိုတယ်ကောလီကို တကြိမ်၊ ကျောက်မဲမြို့နယ် ရဲစခန်းကို တကြိမ်နဲ့ ခရိုင်ရဲတပ်ဖွဲ့ရုံးကို တကြိမ်စီ ထိမှန်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
“ဗုံးက ပေါင် ငါးရာဗုံးလို့တော့ သိရတယ် ။ လူထိခိုက်မှုအခြေအနေကမနက်အစော ကြီးဖြစ်တယ်ဆိုတော့မသိရပေမယ့် အခုပြန်ကြားတာ တယောက်သေတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရသူလည်း ရှိတယ်လို့ကြားတယ်”လို့ ကျောက်မဲဒေသခံ တဦးဆိုပါတယ်။
အခုလ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်း မှာလည်း စစ်ကောင်စီဟာကျောက်မဲမြို့ကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့တဲ့အပြင် ၊ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ ကလည်း ကျောက်မဲမြို့ လူနေရပ်ကွက်တစ်ခုဖြစ်တဲ့ အမှတ်၁ ရပ်ကွက်ထဲကို ဗုံးကြဲချခဲ့တာတွေကြောင့် ဒေသခံပြည်သူ ၅ဦး သေဆုံးခဲ့သလို ဒါဇင်နဲ့ချီတဲ့ ဒေသခံတွေ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ပစ်မှတ်ထားပြီး အကြိမ်ကြိမ်ဗုံးကြဲချခဲ့ပေမယ့် တကယ်တမ်းထိခိုက်သေဆုံးနေသူတွေဟာ ဒေသခံပြည်သူတွေဖြစ်နေတယ်လို့ ကျောက်မဲမြို့နေသူတွေထံက သိရပါတယ်။
ဓာတ်ပုံ-CJ


