ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဒီကနေ့ ဇူလိုင် ၈ ရက် နံနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသ ခံ သတင်းရင်းမြစ်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။
အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုဟာ ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းအနီး ၊ ကောင်းအက်ရွာသွား လမ်းပေါ်မှာရှိတဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးရုံးနဲ့ ဘိုးဘွားရိပ်သာနောက်ကျောဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကနဦး သိရပါတယ်။
“ဖြစ်ဖြစ်ချင်း လမ်းတွေပိတ်ချလိုက်တော့ သွားလို့ လာလို့မရတော့ဘူး။ လူထိခိုက်မှုများမယ်ထင်တယ်။ လူနာ တင်ယာဉ်တွေ ဝင်သွားတာတော့များတယ်။” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အလားတူ ဒီကနေ့ နံနက်ပိုင်းမှာလည်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဘာလျှို
စာသင်ကျောင်းအနီးကို ပေါင် ၅၀၀ ဗုံး တစ်လုံးကျဲချသွားတယ်လို့ သိရပါတယ်။
အဲ့ဒီ ဗုံးကြဲတိုက်ခိုက်အတွင်းမှာ အရပ် သား ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ


