၁၈ နိုဝင်ဘာ၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ရဲ့ စစ်ရေးအခြေအနေ တင်းမာ နေတာကြောင့် ပုဂ္ဂလိက ဘဏ်တွေ နိုဝင်ဘာ၁၅ ရက်ကစပြီး ပိတ်လိုက်တယ်လို့ သိရပါတယ်။
KBZဘဏ်၊ CBဘဏ်၊ ရိုးမဘဏ်နဲ့ ကမ္ဘာ့ရတနာဘဏ်တွေ ပိတ်ထားခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်ကတော့ ဆက်ပြီး ဖွင့်ထားတယ်လို့ သိရပါတယ်။
“ဘဏ်ဝန်ထမ်းတွေကို သုံးလစာပေးပြီး ဘဏ်ပိတ်လိုက်တယ်လို့ ကြားတယ်။ တခြားမြို့တွေမှာလို စစ်ဖြစ်မှ ပိတ်ရရင် ဆုံးရှုံးမှုပိုများနိုင်တယ်လို့ ထင်လို့ ဖြစ်မယ်။ ” လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။
ကျောက်ဖြူမြို့မှာ တရုတ်မြန်မာဖက်စပ် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ ရေနံသန့်စင်လုပ်ငန်း၊ သဘာဝဓာတ်ငွေ့လုပ်ငန်းစတဲ့ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးစီမံကိန်းတွေ ရှိနေပြီး လက်ရှိ လည်ပတ်နေတာ ဖြစ်ပါတယ်။
စီမံကိန်းသဘောတူစာချုပ်ကို သမ္မတဟောင်းဦးသိန်းစိန်လက်ထက်က တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းနဲ့ စာချုပ်ချုပ်ဆိုထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက် ထက်မှာ တရုတ်ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းနဲ့ ပြန်လည်ပြင် ဆင်ချုပ် ဆိုထားပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဒီစီမံကိန်းကို တရုတ်နဲ့ စစ်ကောင်စီက ဆက်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို တရုတ်နဲ့ စစ်ကောင်စီတို့ လက်မှတ်ရေးထိုးထားပါတယ်။
စစ်ကောင်စီနဲ့ တရုတ်တို့ တရုတ်မြန်မာလုံခြုံရေးအဖွဲ့ဖွဲ့စည်းဖို့ သဘောတူညီထားပြီး ဒီစာချုပ်အရ တရုတ်စီမံကိန်းတွေ အများစုရှိနေတဲ့ ကျောက်ဖြူမြို့မှာ တရုတ်လုံခြုံရေးအဖွဲ့အမည်ခံ တရုတ်လက်နက် ကိုင်တပ်တွေ အခြေချလာနိုင်တယ်လို့ တော်လှန်ရေးနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“သူတို့စီးပွားရေးဇုန်တွေ၊ သူတို့ပိုက်လိုင်းတလျှောက်နေရာတွေမှာ အခြေချပြီး စစ်တပ်နဲ့သူတို့ သဘောတူညီ ချက်အရ ဒီနေရာတွေ ထိရင် သူတို့က ပစ်မယ့်အနေအထားမှာ ရှိနေတယ်။ ဒီတော့ စစ်ကိုင်းက လက်ပံတောင်း တောင်လိုနေရာနဲ့ ကျောက်ဖြူလိုနေရာတွေကို တရုတ်လုံခြုံရေးဆိုပြီး လက်နက်ကိုင်တွေ ရောက်လာနိုင် တယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက New Day Myanmar ကို ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ရာနယ်မြေတွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်နယ်မြေကို လာရောက်နေထိုင်ကြဖို့နဲ့ အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင် ထားဖို့ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဧပြီလ ၁၀ ရက်မှာ ကျရောက်တဲ့ ၁၅ နှစ်မြောက် AA တပ် တော်နေ့ အခမ်းအနားမှာပြောဆိုပါတယ်။
AA ကရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုမှာ ၁၀ မြို့နယ်ကို သိမ်းပိုက်ထားပြီး ၄ မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပါတယ်။ AAထိုးစစ်မဆင်သေးတဲ့ ၃ မြို့နယ်မှာ ကျောက်ဖြူ၊ စစ်တွေ နဲ့ မာန်အောင်မြို့နယ်တို့ ဖြစ်ပါတယ်။
ပုံစာ – ကျောက်ဖြူမြို့ သဘာဝဓာတ်ငွေ့စက်ရုံမှ တရုတ်အလုပ်သမားတစ်ဦး
Photo – ဆင်ဟွာ