Homeပြည်တွင်းသတင်းကျောက်တော်မြို့ လူနေရပ်ကွက်နဲ့ ဈေးကို စစ်ကောင်စီဗုံး ၁၅ လုံးကြဲချ

ကျောက်တော်မြို့ လူနေရပ်ကွက်နဲ့ ဈေးကို စစ်ကောင်စီဗုံး ၁၅ လုံးကြဲချ

၁၂ ဇန်နဝါရီ၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရဲ့ လူနေထူထပ်တဲ့ရပ်ကွက်နဲ့ဈေးထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား သေဆုံးမှုရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ပြီး ဗုံး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုံးသီးကျရာနေရာတွေက ဈေးရောင်းဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေ သေဆုံး ၊ ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ AA က ဆိုပြီး ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဆက်ပြီး ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ဖေ‌ဖော်ဝါရီ ၁၃ရက်မှာ သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ရွာကိုလည်း ဇန်နဝါရီ ၈ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂၆ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရကာ အိမ်ခြေ ၅၀၀ကျော် ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ – AA Info Desk

ဆက်စပ် သတင်းများ

Most read