Homeပြည်တွင်းသတင်းကျိုက်ထိုမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သတင်းသမားနှစ်ဦးအပါအဝင် လူလေးဦး သေဆုံး

ကျိုက်ထိုမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သတင်းသမားနှစ်ဦးအပါအဝင် လူလေးဦး သေဆုံး

၂၃ ဩဂုတ်၊၂၀၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာမှာရှိတဲ့ သတင်းသမားတစ်ဦးရဲ့ နေအိမ်ကို ဩဂုတ်လ ၂၁ ရက် မနက်က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာကြောင့် သတင်းသမားနှစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကြောင့် အလွတ်သတင်းထောက်တွေဖြစ်ကြတဲ့ အသက် (၂၈) နှစ်အရွယ် ကိုထက်မြတ်သူ၊ အသက် (၂၆) နှစ်အရွယ် ကိုဝင်းထွဋ်ဦး အပါအ၀င် အဲဒီနေအိမ်ကို ရောက်ရှိနေတဲ့ ဒေသခံတစ်ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

အလွတ် သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုထက်မြတ်သူရဲ့ နေအိမ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်နေ တယ်ဆိုပြီး သတင်းပေးတိုင်ကြားခံရတာကြောင့် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့ကြတဲ့ သတင်းထောက် ကိုထက်မြတ်သူဟာ အရင်က The Voice of Than Phyu Zayat သတင်းဌာနမှာ လုပ်ကိုင်နေသူ ဖြစ်ပြီးတော့ ကိုဝင်းထွဋ်ဦး ကတော့ DVB သတင်းဌာနနဲ့ The Nation Voice သတင်းဌာနကို ဒေသတွင်း သတင်းတွေကို ပေးပို့ပေးနေတဲ့ သတင်းထောက်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ရုပ်အလောင်းတွေကိုလည်း မိသားစုဝင်တွေကို ပြန်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ လည်း သိရပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ကျိုက်ထို တော်လှန် ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်တွေ စုနေတဲ့ နေအိမ်ကို ၀င်ရောက်စီးနင်းခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု အတွင်း KRF တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read