၂၀ နိုဝင်ဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ တန့်ယန်းမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ခေါ် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ လူတစ်ထောင်ကျော်ကို ဝ တပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး လူတစ်ထောင်ကျော်ထဲက တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက်က WSTV (Wa State TV)မှာ သတင်းထုတ်ပြန်ထားပါတယ်။
ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးနဲ့အတူ ဂြိုလ်တု အင်တာနက် (starlink) ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံး၊ ကွန်ဗျူတာ ၈၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်ရဲ့ ပြည်သူ့လုံခြုံရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ “ဝ” ပြည်နယ် တရားရေးကော်မရှင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ တန့်ယန်းမြို့ရှိ ကိုယ်စားလှယ်တွေက ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၇၆၂ ဦးနဲ့အတူ၊ သက်သေပစ္စည်းတွေကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
“မိမိတို့ UWSA လုပ်ရှားတဲ့ တန့်ယန်းနယ်မှာ ၁၀၀၀ ကျော်ဖမ်းမိပါတယ်။ ၇၆၂ ယောက်က တရုတ်ပြည်ကတရုတ်လူမျိုးပါ။ မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်မှာရှိတဲ့ ဒီယုံးဟော့ နယ်ခြားဂိတ်မှာ လွှဲပြောင်းပေးခဲ့ပါတယ်” လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောဆိုထားပါတယ်။
အခုလို တန့်ယန်းမြို့ကို “ဝ” တပ် – UWSA ထိန်းချုပ်ပြီးနောက် ကျားဖျန်လုပ်ကိုင်သူတွေကို ဖမ်းဆီးခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး “ဝ” ပြည်နယ်ထဲမှာတော့ တရုတ် – အွန်လိုင်း ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်လက်ထဲ ပြန်အပ်ခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။ ပန်ဆိုင်းနဲ့ တန့်ယန်းဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ ကိုးကန့်အုပ်ချုပ်မှုအောက်ကနေ ဝ အုပ်ချုပ်မှုအောက်ကို ရောက်လာတဲ့ မြို့နှစ်မြို့ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာလည်း “၀” ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက် စပ်တဲ့ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို ဖမ်းဆီးပြီး နယ်စပ်က တဆင့် တရုတ်ရဲတပ်ဖွဲ့ဆီကို ချက်ချင်း လွှဲ ပြောင်းပေးခဲ့ပါတယ်။
Photo – Wa News Land