Homeပြည်တွင်းသတင်းကံကြီးတောရွာက ခရစ်ယာန်ဆရာတော် သတ်ဖြတ်ခံရမှု သံသယတရားခံ ဆယ်ဦးကိုဖမ်းဆီးထားတယ်လို့ NUG ထုတ်ပြန်

ကံကြီးတောရွာက ခရစ်ယာန်ဆရာတော် သတ်ဖြတ်ခံရမှု သံသယတရားခံ ဆယ်ဦးကိုဖမ်းဆီးထားတယ်လို့ NUG ထုတ်ပြန်

၁၈ ဖေဖေါ်ဝါရီ ၊၂၀၂၅

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကံကြီးတောရွာက ခရစ်ယာန်ဆရာတော် သတ်ဖြတ်ခံရမှု သံသယရှိသူ ဆယ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ သံသယတရားခံတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင်တပ်ရင်း(၅)နဲ့ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က သွားရောက်ဖမ်းဆီးခဲ့တာလို့ NUG က ပြောထားပါတယ်။

ဖမ်းဆီးထားသူတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တာကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်ခုံရုံးတင်စစ်ဆေးပြီး တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေကြောင်း NUG ထုတ်ပြန်ချက်မှာ ထည့် သွင်းပြောဆိုထားပါတယ်။

NUG အနေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပါအဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားဥဒေနဲ့အညီ စစ်ဆေးဖော်ထုတ် အရေးယူသွားမယ်လို့လည်း ပြောထားပါတယ်။

ကံကြီးတောရွာမှာရှိတဲ့ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းက ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်( Fr. Donald Martin) ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဖာသာဒေါ်နယ်မာတင် သတ်ဖြတ်ခံရတဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်သူတွေကို အရေးယူပြီး တရားမျှတမှု ဖော်ဆောင်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read