၆ မတ်၊၂၀၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်း နဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ် ပြန်ပါတယ်။
မတ်လ ၅ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်မှာ စစ်တပ်က တိုက်လေယာဉ် ၁ စီးနဲ့ ကော့ကရိတ်မြို့ နယ်၊ အစွန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး နဲ့ အသက် ၆၂ နှစ် အရွယ် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကော့ကရိတ်မြို့နယ်၊ ဘော့ဒိုင်း ကျေးရွာ စာသင်ကျောင်းကို လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘော့ဒိုင်းကျေးရွာ စာသင် ကျောင်း ၁ လုံး အပါအဝင် ရေတွင်း၊ ရေကန် နှင့် ဆိုင်ကယ် ၁ စီး ထိမှန် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦး နှင့် အသက် ၃၆ နှစ် အရွယ် အမျိုးသမီး ၁ ဦးတို့လည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ လည်းသိရပါတယ်။
စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေး အဆောက်အဦးတွေ ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်း တွေနဲ့ အပြစ်မဲ့ အရပ်သား ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားကာ ရည်ရွယ်ချက် ရှိရှိ လိုက်လံဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေကြောင်း KNU ကေအဲန်ယူ – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။
Photo – KNU