၁ မတ် ၂၀၂၆ | New Day Myanmar
ဒေသတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုအခြေအနေတွေကြောင့် ကူဝိတ်နိုင်ငံအတွင်း နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသားတွေ သတိပြုနေထိုင်ကြဖို့အတွက် ကူဝိတ်မှာရှိတဲ့မြန်မာသံရုံး က ဖေဖော်ဝါရီ ၂၈ ရက်မှာ အရေးပေါ်အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်အရ ကူဝိတ်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အရေးပေါ်အချက်ပေးသံတွေကို ဂရုစိုက်နားထောင်ပြီး ကူဝိတ်အစိုးရနဲ့ မြန်မာသံရုံးက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး အမြဲအသင့်ပြင်ထားကြဖို့ကို အသိပေးထားပါတယ်။
ဒါ့အပြင် အလုပ်ချိန်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေမှာ မိမိတို့အလုပ်နေရာက ချမှတ်ထားတဲ့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့၊ နိုင်ငံကူးလက်မှတ်နဲ့ အရေးကြီးစာရွက်စာတမ်းတွေ၊ ရေနဲ့ အစားအစာ၊ ဆေးဝါးတွေ၊ ဖုန်းနဲ့ Power Bank၊ အဝတ်အစားနဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေကို ကြိုတင်စုစည်းပြင်ဆင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
အရေးမကြီးတဲ့ ခရီးသွားလာမှုတွေကို ရှောင်ရှားကြဖို့နဲ့ Kuwait Civil Defense က ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေဆိုင်ရာ လမ်းညွှန်ချက်တွေကို ဝင်ရောက်လေ့လာထားကြဖို့လည်း အသိပေးထားပါတယ်။ အရေးပေါ်အကူအညီလိုအပ်လာရင် မြန်မာသံရုံးရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကနေ ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီနေ့မှာပဲ အဘူဒါဘီ မြို့မှာရှိတဲ့ မြန်မာကလည်း လက်ရှိ ဒေသတွင်းအခြေအနေတွေအရ ယူအေအီးနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ နေအိမ်နဲ့ အမိုးအကာတွေ အောက်မှာ နေထိုင်ကြဖို့ အရေးပေါ်အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး အီရန်နိုင်ငံကို အစ္စရေး နဲ့ အမေရိကန်တို့ ပူးပေါင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက် အီရန်ဘက်က ယူအေအီး၊ ကူဝိတ်၊ ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျနဲ့ ကာတာနိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်လာနိုင်တဲ့ အခြေအနေကြောင့် အရှေ့အလယ်ပိုင်းမှာ နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသားတွေလုံခြုံရေးကို အထူးသတိထားဖို့ လိုအပ်နေတယ်လို့လည်း သံရုံးတွေက တိုက်တွန်းထားပါတယ်။


