၃၁ အောက်တိုဘာ၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုကို သက်သေဓာတ်ပုံတွေနဲ့အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
အောက်တိုဘာ ၂၉ ရက်က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တတိယကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို သက်ဆိုင်သူတွေက အစီရင်ခံပြီး အပြန်အလှန် ဆွေးနွေးချိန်မှာ ဦးကျော်မိုးထွန်းက ဘုတလင်၊ စီပါရွာမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ရွာသားတွေရဲ့ရုပ်အလောင်းပုံတွေကို သက်သေအဖြစ် ပြသပြောဆိုတာ ဖြစ်ပါတယ်။
စီပါရွာဖြစ်စဉ်မှာ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးအပါအဝင် ဒေသခံ ၆ ဦးကို အပိုင်းပိုင်းခုတ် ထစ်သတ် ဖြတ်ခဲ့တဲ့အပြင် သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲလွင့်စင်နေတာ၊ ကိုယ်တွင်းကလီစာတွေ ထုတ်ယူခံထားရတာ၊ အရိုးပေါ်တဲ့အထိ အသားတွေကို ခြစ်ထုတ်ထားတာ၊ ဦးခေါင်းတွေနဲ့ ကိုယ်လက်အင်္ဂါ တွေကို ဖြတ်တောက်ပြီး နေအိမ်ခြံစည်းရိုးတွေမှာ ချိတ်ဆွဲထားတာ စတဲ့ အကြမ်းဖက်မှုတွေကို စစ်ကောင်စီ စစ်ကြောင်းက ရက်ရက်စက်စက် ပြုလုပ်ခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီဖြစ်ရပ်ကို ကုလသမဂ္ဂအစည်းအဝေးမှာ တင်ပြပြီး ကုလနိုင်ငံတချို့အနေနဲ့ လူမဆန်တဲ့ စစ်ကောင်စီကို ထောက်ခံအားပေးပြီး လက်နက်၊ ခဲယမ်းတွေကို ဘယ်လို စိတ်အခြေအနေတွေနဲ့ ပံ့ပိုးထောက်ပံ့နေခဲ့လဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဆက်လက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံရဲ့ အခြေအနေ တွေကို တင်ပြပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ကြိမ်ဖန်များစွာ တောင်း ဆိုခဲ့ကြောင်း၊ မိမိအနေနဲ့လည်း ဒီတောင်းဆိုချက်အတိုင်း ထပ်တူတောင်းဆိုလိုပြီး စစ်ကောင်စီကျူး လွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဒေသတွင်း ရိုက်ခတ်မှုတို့ကို မပေါ့လျော့စေလိုကြောင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်အောင် တိုက်ထုတ်ခဲ့တဲ့အတွက် ဘုတလင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက အညှိုးထားပြီး ပျူစောထီးနဲ့ စစ်ကောင်စီအင်အား ၁၅၀ ဝန်းကျင်ဟာ ဘုတလင်မြို့နယ် ရွာတွေကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စစ်ကြောင်းတလျှောက် ဖမ်းဆီးထားခြင်းတွေ ပြုလုပ်နေပါတယ်။
အောက်တိုဘာလအတွင်းမှာ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီကြောင့် အရပ်သား ၂၃ ဦးသေဆုံးပြီး လူသောင်းချီ ထွက်ပြေးနေရပါတယ်။
Photo – NUG