Homeပြည်တွင်းသတင်းကုလမြန်မာအထူးကိုယ်စားလှယ် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြောင်း ကုလအစည်းအဝေးမှာ ပြောဆို

ကုလမြန်မာအထူးကိုယ်စားလှယ် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြောင်း ကုလအစည်းအဝေးမှာ ပြောဆို

၃၀ အောက်တိုဘာ၊ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်း ဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြပါတယ်။

သူမဟာ ဒီတွေ့ဆုံမှုကို အောက်တိုဘာလ ၂၉ ရက်မှာ ကျင်းပတဲ့ ကုလအစည်းအဝေးတစ်ခုမှာ ပြောဆိုသွားတယ် လို့ သိရပါတယ်။

မြန်မာ့အရေးမှာ ပါဝင်နေသူတွေအကုန်လုံးဟာ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နောက်ကြောင်း ပြန်လှည့်ရမယ်လို့ သူမက အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး တာဝန်ယူမှုရှိစေဖို့နဲ့ ကုလနဲ့တခြားအကူအညီပေးတဲ့အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပေးဖို့ လိုအပ်တယ်လို့ သူမက ဆိုပါတယ်။

မြန်မာ့အရေးအတွက် သူမဟာ စစ်ခေါင်းဆောင်အပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နေပြည်တော်ခရီးစဉ်ဟာ ဘယ်အချိန်မှာ သွားရောက်ပြီး ဘယ်လိုအချက်အလက်တွေကို ဆွေးနွေးခဲ့ တယ်ဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်း မရှိပါဘူး။

“ကျွန်မ နေပြည်တော်ကို သွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မတူညီမှုတွေနဲ့ ပဋိပက္ခဖြစ်စေတဲ့အကြောင်းရင်းတွေကို နားလည်သဘောပေါက်ဖို့ ဦးတည်ပြီး သွားရောက်ခဲ့တာပါ။ ဒါမှသာ ကျွန်မအနေနဲ့ တာဝန်ထားဆောင်ရာမှာ ပိုပြီး ကောင်းမွန်အောင် တာဝန်ယူနိုင်ပြီး ဒေသတွင်းရော နိုင်ငံတကာနဲ့ပါ သဘောထားကိုက်ညီတဲ့အဖြေတစ်ခုကို ရယူနိုင်မှာ ဖြစ်ပါတယ်”လို့ ပြောဆိုသွားပါတယ်။

မြန်မာ့အရေးမှာ ပါဝင်ပတ်သတ်နေသူတွေရဲ့လက်ရှိအနေအထားမှာ တစ်ဖက်ကနိုင်ဖို့ တစ်ဖက်က ရှုံးကိုရှုံး ရမယ်ဆိုတဲ့အသိနဲ့ ရှေ့ဆက်နေကြတယ်လို့ သူမက ပြောဆိုပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ကို ၂၀၂၄ ခုနှစ် ၊ ဧပြီလမှစတင်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ပုံစာ – ကုလမြန်မာအထူးကိုယ်စားလှယ်နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ၂၀၂၄ ခုနှစ်၊ ဇွန်လက မြန်မာ့အရေးဆွေးနွေးပွဲမှာ တွေ့ရစဉ် (ပုံဟောင်း)

Photo – ASEAN

ဆက်စပ် သတင်းများ

Most read