Homeပြည်တွင်းသတင်းကိုးကန့် မြီမိသားစုဝင် ၁၁ ဦးကို တရုတ်သေဒဏ်ပေး

ကိုးကန့် မြီမိသားစုဝင် ၁၁ ဦးကို တရုတ်သေဒဏ်ပေး

၂၉ ဇန်နဝါရီ ၂၀၂၆

ရှမ်းမြောက်၊ ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးမိသားစု လေးခုထဲက တစ်ခုဖြစ်တဲ့ မြီမိသားစု ဝင် ၁၁ ဦးကို တရုတ်တရားရုံးက ချမှတ်ထားတဲ့ သေဒဏ်ကို အကောင်အထည်ဖော်ပြီးဖြစ်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာပဲ ထုတ်ပြန်လိုက်ပါတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေထဲမှာ ကွယ်လွန်ပြီးသား ကိုးကန့်သူဌေးကြီး မြီရှောက်ချန်း ရဲ့သား မြီကော်ဖျင် နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း တို့လည်း ပါဝင်ပြီး စုစုပေါင်း လူ ၁၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ဘက် ထုတ်ပြန်ချက်အရ အဲဒီပြစ်ဒဏ်တွေဟာ ဂျဲကျန့်ပြည်နယ် ဝမ်ဂျို ပြည်သူ့တရားရုံး က ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက ချမှတ်ထားခဲ့တာဖြစ်ပြီး အခုမှ အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ သေဒဏ်ကို ဘယ်နေ့မှာ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။

ဒါပေမဲ့ သေဒဏ်အကောင်အထည်မဖော်ခင် မိသားစုဝင်တွေကို နောက်ဆုံးအနေနဲ့ တွေ့ဆုံခွင့် ပေးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။ မြီကော်ဖျင်နဲ့ မြီကြိမ်းကြိမ်းတို့ဟာ ကိုယ်ပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို အယူခံတင်ခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ်ဘက်ကတော့ မြီမိသားစုဝင်တွေကို အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)၊ နိုင်ငံတကာအဆင့် လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူထိခိုက်စေမှု၊ လူတွေကို တရားမဝင် ဖမ်းချုပ်ထားမှု၊ လောင်းကစားဝိုင်း ထောင်မှု၊ မူးယစ်မှောင်ခို ကူးမှုတွေ အပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ စွဲချက်တင်ထားခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ မြီရှောက်ချန်းရဲ့ သား၊ သမီး၊ မြေးတွေ အပါအဝင် လူ ၄၀ နီးပါးကို ဖမ်းဆီး စွဲချက်တင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ အခုလို သေဒဏ်ကို အကောင်အထည်ဖော်ခဲ့တာက စွဲချက်တင်ပြီး နှစ်နှစ်နီးပါးကြာပြီးနောက် ဖြစ်လာတာပါ။

အရင်တုန်းကတော့ မြီကော်ဖျင်၊ မြီကျူးလန့် နဲ့ မြီကြိမ်းကြိမ်း တို့ကို တရုတ်ဘက်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဝရမ်း ထုတ်ခဲ့ပြီး နောက်ပိုင်း ကိုးကန့်ဒေသအတွင်း မြန်မာစစ်တပ်နဲ့ တရုတ်ရဲတပ်ဖွဲ့ ပူးပေါင်းစီးနင်းမှုတွေမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်း က ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့နေ့ နေ့လယ်ပိုင်းမှာပဲ မြန်မာဘက်က သူတို့ကို ရန်လုံကျိုင်း နယ်စပ်ဂိတ် ကနေ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး