Homeပြည်တွင်းသတင်းကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်းရဲ့ မိသားစုဝင်တွေအပါအဝင်မြန်မာနိုင်ငံသား ၁၆ ဦးကို ရာဇဝတ်မှုတွေနဲ့ တရုတ် စွဲချက်တင်

ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်းရဲ့ မိသားစုဝင်တွေအပါအဝင်မြန်မာနိုင်ငံသား ၁၆ ဦးကို ရာဇဝတ်မှုတွေနဲ့ တရုတ် စွဲချက်တင်

၁ ဇန်နဝါရီ၊ ၂၀၂၅

ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်းရဲ့မိသားစုဝင်တွေအပါအဝင် မြန်မာနိုင်ငံသား ၁၆ ဦးကို ရာဇဝတ်မှုတွေနဲ့ တရုတ်အာဏာပိုင်တွေက စွဲချက်တင်ထားတယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

တရုတ်အစိုးရက မြန်မာနိုင်ငံသားအပါအဝင် ပြစ်မှုကျူးလွန်တဲ့တရားခံ ၃၉ ဦးကို ကျားဖြန့်ငွေလိမ်မှုအပါအဝင် လူသတ်မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ်တကျ လောင်းကစားမှု၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု စတဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ Zhejiang အရှေ့ပိုင်းခရိုင်မှာ ကျားဖြန့် ငွေလိမ်လည်မှု အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက်တင်ခဲ့ကြောင်းနဲ့ စွဲချက်တင်ခံရသူတွေထဲမှာ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်းရဲ့ မိသားစုဝင်တွေ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။ မြီရှောက်ချန်းက တရုတ်ဖမ်းဝရမ်းထုတ်ချိန်မှာ မိမိကိုယ်ကို သတ်သေလိုက်တာ ဖြစ်ပါတယ်။

ကျားဖြန့်ငွေလိမ်လည်မှုတွေအပါအဝင် ရာဇဝတ်တွေနဲ့ ဆက်စပ်နေတဲ့ မြီရှောက်ချန်းရဲ့ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ သမီး Ming Julan (Myin Shut Lan) နဲ့ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ မြေးဖြစ်သူ Ming Zhenzhen (မသီရီမောင်) တို့ကို တရုတ်အာဏာပိုင်တွေဆီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ မြန်မာစစ်တပ်က ဖမ်းဆီးလွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိတဲ့ Ming Guopingဟာ မြန်မာစစ်တပ်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဖြစ်ပါတယ်။

စွဲချက်တင်ခံရတဲ့ သံသယရှိသူ ၃၉ ဦးဟာ ကိုးကန့်ဒေသမှ မြီမိသားစု အစုအဖွဲ့က အဖွဲ့ဝင်တွေ ဒါမှမဟုတ် ဆက်စပ်အဖွဲ့ဝင်တွေ ဖြစ်ကြပြီး တရုတ်နိုင်ငံသားတွေ ဒါမှမဟုတ် မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပ ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုတွေဖြစ်ပေမယ့် တရုတ်နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ချိုးဖောက်တာကြောင့် တရုတ်အာဏာပိုင်တွေက ဒီအမှုတွေကို စီရင်ခွင့်ရှိတယ်လို့ တရုတ်အစိုးရရှေ့နေတွေက ဆိုပါတယ်။

မြန်မာစစ်တပ်က ၂၀၂၄ခုနှစ်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသက ကျားဖျန့် အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ အဓိကတရားခံ ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို တရုတ်ကို လွှဲပြောင်းပေးအပ်ထားပါတယ်။ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်၊ ပယ်ရင့်ဆန်း (ပယ်ဆောက်ချိန်သား) ၊ ဝေစန်း (ခ) ဝေဝှိုင်ရန် နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဌ ၊ လျှိုအားပေါက် (ခ) လျိုကျိန့်ရှန်း (Fully Light ဖူလီလိုက်လုပ်ငန်းစုသူဌေး) ၊ လျှိုကျိန့် မောက် ၊ ရွှီလောက်ဖား တို့ကို အခြားအရေးကြီး တရားခံ ၄ ဦးနဲ့အတူ နေပြည်တော်လေဆိပ်ကနေ တရုတ်ကို လွှဲပြောင်းပေးအပ်ထားပါတယ်။

ပုံစာ – မြီမိသားစုကို ဖမ်းဝရမ်းထုတ်ခဲ့စဉ်(ပုံဟောင်း)

ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

ဆက်စပ် သတင်းများ

Most read