Homeပြည်တွင်းသတင်းကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်ရဲ့ သားအပါအဝင် ၄ ဦးကို တရုတ်မှာ သေဒဏ်စီရင်

ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်ရဲ့ သားအပါအဝင် ၄ ဦးကို တရုတ်မှာ သေဒဏ်စီရင်

၂ ဖေဖော်ဝါရီ ၂၀၂၆

ကျားဖြန့်အပါအဝင် အမှုကြီးများစွာနဲ့ တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်ရဲ့ သားဖြစ်သူ ပယ်ရင်ချိန် အပါအဝင် လူ ၄ ဦးကို သေဒဏ်စီရင်ပြီးသားဖြစ်ကြောင်းတရုတ် ဘက်က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

သေဒဏ်စီရင်ခံရသူတွေမှာ ပယ်ရင်ချိန်၊ ယန်လီချန်၊ ဟူရှောင်ကျန်းနဲ့ ချန်ကွမ်ယိတို့ ဖြစ်ပြီး တရားရုံးဆုံးဖြတ်ချက်အရ အပြစ်ဒဏ် ချမှတ်ခံရတာလို့ ဆိုပါတယ်။ သို့ပေမယ့် ဘယ်နေ့မှာ သေဒဏ်စီရင်ခဲ့လဲဆိုတာကိုတော့ တရုတ်ဘက်က အတိအကျ မဖော်ပြထားပါဘူး။

တရုတ်ဘက် သတင်းတွေအရ သေဒဏ်မစီရင်မီ ပယ်ရင်ချိန်အပါအဝင် အဆိုပါ ၄ ဦးကို မိသားစုဆွေမျိုးတွေကို တွေ့ဆုံခွင့်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီသတင်းဟာ မကြာသေးခင်က ကိုးကန့်ဒေသက မြီမိသားစုဝင် ၂ ဦးအပါအဝင် လူ ၁၁ ဦးကို သေဒဏ်စီရင်ခဲ့ကြောင်း တရုတ်က ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်း ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန် ကိုလည်း တရုတ်အစိုးရရဲ့ ကွမ်တုံပြည်နယ် ရှန်ကျန်းမြို့ တရားရုံးကနေ သေဒဏ်အမိန့်ချမှတ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ကွယ်လွန်သွားခဲ့ပါတယ်။

အခု သေဒဏ်စီရင်ခံရသူတွေဟာ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ကာစီနိုဖွင့်လှစ်မှု၊ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်စေမှု စီစဉ်ခြင်း၊ ပြည့်တန်ဆာမှု စတဲ့ အမှုအမျိုးမျိုးနဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လကစပြီး တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

တရားရုံးမှာတော့ ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နေချိန် ပယ်အိမ်နဲ့ ဆက်နွယ်တဲ့ ပြည်သူ့စစ်တွေက လုံခြုံရေးယူပေးခဲ့တာကြောင့် ဒီလုပ်ငန်းတွေ အကြီးအကျယ် လည်ပတ်နိုင်ခဲ့တယ်လို့ တင်ပြခဲ့ပြီး အဲ့ဒီအချက်တွေကို အခြေခံကာ ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကန့်ဒေသက ထင်ရှားတဲ့ မိသားစုကြီး လေးခုဖြစ်တဲ့ ပယ်အိမ်၊ ဝေအိမ်၊ မြီအိမ်နဲ့ လျိုအိမ်တို့ဟာလည်း ကျားဖြန့်အပါအဝင် အမှုကြီးများစွာနဲ့ စွပ်စွဲခံထားရပြီး တရုတ်နိုင်ငံအတွင်း တရားရင်ဆိုင်ခဲ့ရပါတယ်။

ပုံစာ (ဝဲမှ ဒုတိယမြောက်) မြီကော်ဖျင် (ဦးမြီရှောက်ချန်း၏သား)၊ လက်ဆွဲနှုတ်ဆက်နေသူ ဝေချင်ဟိုင်းနှင့် ပယ်ရင်ချန်း (ဦးပယ်ဆောက်ချိန်၏သား) တို့ကို ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ညစာစားပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အတူတွေ့ရစဉ်

ဓါတ်ပုံ – kokangdzw

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး