Homeပြည်တွင်းသတင်းကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် မိန့်ခွန်းပြောဖွယ်ရှိ

ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် မိန့်ခွန်းပြောဖွယ်ရှိ

၃၁ ဇူလိုင်၊ ၂၀၂၄

ဒီနေ့ ဇူလိုင်လ ၃၁ ရက်မှာ အရေးပေါ် ကာလ ကြေညာချက် သက်တမ်းကုန်ဆုံးတဲ့အတွက် ကာလုံအစည်းအဝေးလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို နေပြည်တော်မှာ ကျင်းပသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယာယီသမ္မတအဖြစ် ကိုယ့်ကိုယ်ကို လွှဲအပ်ထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ဒီနေ့ ကာလုံအစည်းအဝေးမှာ သမ္မတအဖြစ် မိန်ခွန်းပြောဖို့အတွက် အခမ်းအနားကို ပြင်ဆင်ခိုင်းထားပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ သိရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးတွေကို ဇူလိုင်လ ၃၁ ရက် မနက်ပိုင်းမှာ အစည်းအဝေးခေါ်ထားပြီး ခါတိုင်းကာလုံအစည်းအဝေးတွေမှာ စစ်ဗိုလ်ချုပ်တွေနဲ့ အစည်းအဝေးခေါ်တာမျိုးမရှိခဲ့ပါဘူး။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

လက်ရှိ ကာ/လုံမှာ သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာ လစ်လပ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ လုပ်မှာဖြစ်လို့ လူ ၁၁ ဦးရှိရမဲ့ ကာလုံမှာ ၇ ဦးပဲရှိနေပါတယ်။ ဒုတိယသမ္မတဖြစ်တဲ့ ဦးဗန်ထီးယူမှာ ကျန်းမာရေးအရ အနားယူနေရတယ်လို့ စစ်ကောင်စီက ကြေညာပြီး ယာယီသမ္မတဦးမြင့်ဆွေမှာလည်း ကျန်းမာရေးအရ နစကကို သမ္မတတာဝန်ယူဖို့ လွှဲအပ်တယ်လို့ စစ်ကောင်စီက မကြာသေးမီက ကြေညာထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ယာယီသမ္မတတာဝန်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်တွေအတွက်ပဲ ဆောင်ရွက်မှာဖြစ်ပြီး အာဏာသုံးရပ်ကိုတော့ လက်ရှိအတိုင်း စစ်ကောင်စီနဲ့ အစိုးရအဖွဲ့တွေက ကျင့်သုံးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read