၁ ဇန်နဝါရီ၊ ၂၀၂၅
ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် KNU က ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိ စော်ကားတိုက်ခိုက်တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်၊ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ သလေထိုင်ခုတ်ဖို (၁) ရက်နေ့၊ ဒူးသထူခရိုင်အတွင်းက ယိုကလား နဲ့ ထီးဖဒိုထာကြားက မူတြော်ခရိုင်အတွင်းက နိုဖေါထီးကျေးရွာမှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအပြီးမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ အားကစားပွဲတွေကျင်းပတဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ကရင်နှစ်သစ်ကူးပွဲတော်ကို အစိုးရအဆက်ဆက်ရဲ့ အသိအမှတ်ပြုထားပြီး အာဏာသိမ်းစစ်အုပ်စုက လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိနဲ့ စော်ကားတိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ကရင်လူမျိုးများအထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်ကို ဂုဏ်သိက္ခာညိုးနွမ်းစေပြီး ပွဲတော်တက်ရောက်သူတွေကို သွေးစွန်းညစ်ထေးပြီး သေကြေပျက်စီးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ပြီး KNU ကရင်အမျိုးသားအဖွဲ့အစည်းအနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ပြည်သူလူထုတရပ်လုံးကြုံတွေ့နေရတဲ့ ဒုက္ခဆင်းရဲခြင်းတွေနဲ့အတူ မြန်မာနိုင်ငံကို စနစ်တကျ ဖျက်ဆီးနေတဲ့ အဓိက တရားခံဟာ လက်ရှိ စစ်တပ်ဖြစ်တယ်လို့ KNU က ပြောဆိုပါတယ်။ စစ်အာဏာရှင်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းစဉ်မှာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်အတွင်းက ပြည်သူကိုအမှန်တကယ်ကာကွယ်လိုသူတွေက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်မှုလမ်းကြောင်းမှာ ပါဝင်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဆိုးဝါးသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) ပြစ်မှုမြောက်တဲ့ တိုက်ခိုက်မှုမျိုးကို (၂၇၆၄) ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပတဲ့ အခါသမယမှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်အင်စတီကျူးရှင်းကနေ နိုင်ငံရေးမှာ မပါဝင်တဲ့ အခင်းအကျင်း၊ စစ်တပ်က ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်နေမှုတွေအတွက် တာဝန်ယူ၊ တာဝန်ခံပြီး အမှန်တရားနဲ့ တရားမျှတမှုစနစ် ဖေါ်ထုတ်ခြင်းလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်တယ်လို့လည်း KNU က ထုတ်ဖော်ပြောဆိုသွားပါတယ်။
ဓာတ်ပုံ – KNU