Homeပြည်တွင်းသတင်းကရင်နီမှာ ထောင်ဖောက်ပြေးမှုအပေါ် IEC တောင်းပန်

ကရင်နီမှာ ထောင်ဖောက်ပြေးမှုအပေါ် IEC တောင်းပန်

၂၉ ဇန်နဝါရီ ၂၀၂၆

ကရင်နီပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်သုံ့ပန်းအပါအဝင် အကျဉ်းသားစုစုပေါင်း ၈၃ ဦး ထောင်ဖောက်ထွက်ပြေးခဲ့မှုနဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ပြည်သူလူထုကို တရားဝင် တောင်းပန်လိုက်ပါတယ်။

အဆိုပါ ထောင်ဖောက်ပြေးမှုဟာ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်သုံ့ပန်း ၇၆ ဦး၊ ထောင်ဝန်ထမ်း ၂ ဦးနဲ့ မူးယစ်အမှုဆိုင်ရာ အကျဉ်းသား ၅ ဦးတို့ ပါဝင်ခဲ့ကြောင်း IEC က ထုတ်ပြန်ထားပါတယ်။

IEC ရဲ့ ပြောကြားချက်အရ ဒီဖြစ်စဉ်ဟာ သုံးလနီးပါး ကြိုတင်စီစဉ်ပြင်ဆင်ထားတဲ့ လုပ်ရပ်ဖြစ်ပြီး ထိုင်းဘက် ဝင်ရောက်နိုင်မယ့် လမ်းကြောင်းဆုံမှတ်တွေ၊ ဆက်သွယ်ရေးဖုန်းတွေ၊ ရိက္ခာတွေကိုပါ စနစ်တကျ ပြင်ဆင်ထားခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထွက်ပြေးသူတွေကို နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်အတွင်း ပြန်လည်ဖမ်းဆီးရာမှာ စစ်သုံ့ပန်း ၈ ဦး သေဆုံးခဲ့ပြီး ၂ ဦးကိုတော့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ IEC က ပြောပါတယ်။ ကျန်သူတွေကတော့ ထိုင်းစစ်တပ်ထံ လက်နက်ချခဲ့ကြောင်း သိရပါတယ်။

ထောင်ဖောက်ပြေးစဉ် ယူဆောင်သွားတဲ့ လက်နက်ငယ် ၅ လက်အနက် တချို့ကိုလည်း ပြန်လည် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး IEC က စုံစမ်းစစ်ဆေးရေးကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီး ထောင်ဖောက်ပြေးမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ထောင်ဝန်ထမ်း ၂ ဦးကိုလည်း အမှုဖွင့် အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်တစ်ဖက်မှာတော့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအတိုင်း လုံခြုံရေးတိုးမြှင့်ကာ ပိုမိုတင်းကျပ်စွာ ထိန်းသိမ်းသွားမယ်လို့ IEC က ကတိပြုထားပါတယ်။

ဒီထောင်ဖောက်ပြေးမှုကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် IEC က တာဝန်ယူတောင်းပန်ထားပြီး ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ လုံခြုံရေးအစီအမံအသစ်တွေ ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။ ထို့အပြင် စစ်သုံ့ပန်းစီမံခန့်ခွဲရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက နည်းပညာနဲ့ ရန်ပုံငွေအကူအညီတွေ ပံ့ပိုးပေးလာဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး