Homeပြည်တွင်းသတင်းကရင်နီမှာ ဆီတစ်လီတာ ၈၀၀၀ ကျပ်ဖြစ်လာပြီးနောက် ဒီးမော့ဆိုတွင် ဆီဆိုင်အချို့ ပိတ်သွား

ကရင်နီမှာ ဆီတစ်လီတာ ၈၀၀၀ ကျပ်ဖြစ်လာပြီးနောက် ဒီးမော့ဆိုတွင် ဆီဆိုင်အချို့ ပိတ်သွား

၄ မတ် ၂၀၂၆ ၊ New Day Myanmar

ကရင်နီပြည်နယ်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီတစ်လီတာ ၈၀၀၀ ကျပ်ဖြစ်လာပြီးနောက် ဒီးမော့ဆိုမြို့နယ်တွင် ဆီဆိုင်အချို့ ပိတ်သွားခဲ့ကြောင်း ဒေသခံများကပြောပါတယ်။

ယမန်နေ့၊နေ့လည် ၂နာရီကစတင်ပြီး ဒီးမော့ဆို မြို့နယ်အနောက်ခြမ်းမှာ ဆီတစ်လီတာကို ၃၅၀၀ ကျပ်ကနေ ၇၀၀၀ ကျပ်အထိ ထက်ဝက်ကျော် စတင်မြင့်တက်လာခဲ့တယ်လို့ ဆိုင်ကယ်ဓာတ်ဆီသွားဖြည့်သူတစ်ဦးက ပြောပါတယ်။

“မနေ့ကမှ ဆီစျေးက ထက်ဝက်ကျော်ခုန်တက်သွားတာ၊ လေးမိုင်ရော၊ ပဆေးလာရော၊ ချယ်ရီကုန်းရော တစ်လီတာကို ၇၀၀၀ ကျပ်ဖြစ်သွားတာ။ ဆီလုံးဝပြတ်လို့မဟုတ်ဘဲ သူများတွေစျေးတက်လို့ လိုက်တက်ကြတာ။ ဒီတစ်ခေါက်စျေးတက်တာက နာရီပိုင်းအတွင်းကိုထက်ဝက်ကျော်တက်သွားတာ၊ ဒီဇယ်ကတော့ လုံးဝပြတ်သွားပြီ”ဟု ၎င်းက ပြောသည်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆီစျေးထက်ဝက်ကျော်မြင့်တက်ပြီးတဲ့နောက် ဒီးမော့ဆိုအရှေ့ခြမ်းမှာလည်း ယနေ့ မနက် ၁၀နာရီက ဆီတစ်လီတာကို ၆၀၀၀ ကျပ်ဖြစ်ပြီး ဆီအလုအယက်ဝယ်သူများကြောင့် ဆီဆိုင်များ ဆီပြတ်လပ်တဲ့အထိ ရောင်းချခဲ့ရပြီး ဆီဆိုင်အားလုံးနီးပါး ပိတ်သွားခဲ့တယ်လို့ ဒီးမော့ဆို အရှေ့ခြမ်းနေ ပြည်သူတစ်ဦးက ပြောပါတယ်။

“အရှေ့ခြမ်းလည်း ဆီပြတ်သွားပြီး ရှိတဲ့ဆိုင်တွေကလဲ လက်ချိုးရေလို့ရတယ်၊ သူတို့လဲ မရောင်းပေးတော့ဘူး”ဟု ၎င်းက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကမူ စီးပွါးရေးသမားတွေရဲံ လှည့်ကွက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဆီသိုလှောင်မှုတွေ စတင်နေတယ်လို့ လတ်တလောယူဆကြောင်း IEC ရဲ့ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

“ခါတိုင်းလည်း ဆီပြတ်တာနဲ့ စျေးမြင့်သွားတာ ထုံးစံပါပဲ၊ဒါကို IECအနေနဲ့ စောင့်ကြည့်နေတုန်းပါ၊ဆီတကယ်ပြတ်သွားရင်တော့ ကျွန်တော်တို့လုပ်ပေးနိုင်တာတွေ လုပ်ပေးဖို့ရှိမှာပါ။ဒါကတော့ ယာထားချက်ပဲရှိသေးတဲ့အဆင့်ပေါ့”လို့ သူက ပြောပါတယ်။

ကရင်နီမှာ အခုလိုဆီစျေး ရက်ပိုင်းအတွင်းမြင့်တက်လာတာဟာ အီရန်စစ်ပွဲဂယက်ကြောင့်ဖြစ်ပြီး စစ်ကောင်စီကပုဂ္ဂလိကပိုင် မော်တော်ယာဉ်တွေကို စက်သုံးဆီချွေတာတဲ့အနေနဲ့ တစ်ရက်ခြားသာ မောင်းနှင်အသုံးပြုကြဖို့ အမိန့်စာ ထုတ်ပြန်ထားတာကြောင့်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ စက်သုံးဆီစျေးကွက်ဟာ ကြိုက်ရောင်း၊ကြိုက်ဝယ်စနစ်ဖြစ်လာပြီး ဓာတ်ဆီတစ်လီတာကို ကျပ် ၈၀၀၀ ကနေ ၉၀၀၀ ကျပ်ကြား ရောင်းဝယ်နေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး