Homeပြည်တွင်းသတင်းကရင်နီပြည်နယ်က ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေကြောင်းက ထပ်ပြီး ဗုံးကြဲချ

ကရင်နီပြည်နယ်က ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေကြောင်းက ထပ်ပြီး ဗုံးကြဲချ

၁၈ နိုဝင်ဘာ၊ ၂၀၂၄

နိုဝင်ဘာ ၁၈ ရက် နေ့လည်ပိုင်းမှာ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွှာအုပ်စု၊ လအိကျေးရွှာအနီးက ဘန်ကောက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းက ဗုံးကြဲချ တိုက်ခိုက်မှု ထပ်ပြီး ဖြစ်ပွားခဲ့တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ နေ့လည် ၁၁နာရီ ၃၀ မိနစ်ဝန်းကျင်မှာ အရပ်သားပြည်သူ စစ်ဘေးရှောင်တွေ ရှိနေတဲ့ ဒီစစ်ဘေးရှောင်စခန်းကို တိုက်လေယာဥ် (၂) စင်းနဲ့ ပေါင် ၅၀၀ ဗုံး (၁) ကြိမ်၊ ပေါင် ၂၀၀ ဗုံးသီးကို တစ်ခါကြဲရင် (၂)ကြိမ်နှုန်းနဲ့ စုစုပေါင်း ဗုံး (၅) လုံးကို ၃ ကြိမ်ကြဲချခဲ့ပါတယ်။

အခု ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဘန်ကောက်စစ်ဘေးရှောင်စခန်းနဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေရဲ့ တဲ၊ နေအိမ်၊ ဘာသာရေးဘုရားကျောင်း ၊ စပါးကျီတွေနဲ့ လူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိကြောင်းလဲ။” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စက်တင်ဘာလ ၅ ရက် ညပိုင်းကလည်း လေကြောင်းက ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး အဲ့ဒီံအခါက ကလေးငယ် ၆ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ကလေးတွေအပါအဝင် လူ ၁၀ဦးနီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ဘန်ကောက်စစ်ဘေးရှောင်ခန်းကို လေကြောင်းက တိုက်ခိုက်ခံရပြီးနောက် အများစုက တခြားနေရာကို ပြောင်းရွှေနေထိုင်ပေမယ့် ပြောင်းရွှေ့ဖို့ အခက်အခဲရှိနေတဲ့ တချို့စစ်ရှောင်တွေက ဆက်ပြီး ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – ထပ်ပြီးလေကြောင်းက ဗုံးကြဲချခံခဲ့ရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း

Photo – 1007 MOBYE PDF 2

ဆက်စပ် သတင်းများ

Most read