Homeပြည်တွင်းသတင်းကရင်နီကနေထောင်ဖောက်ပြီး ထိုင်းဘက်ထွက်ပြေးတဲ့ စစ်သုံ့ပန်း ၆၈ ဦးကို စစ်ကော်မရှင်ထံ ပြန်လွှဲ

ကရင်နီကနေထောင်ဖောက်ပြီး ထိုင်းဘက်ထွက်ပြေးတဲ့ စစ်သုံ့ပန်း ၆၈ ဦးကို စစ်ကော်မရှင်ထံ ပြန်လွှဲ

၂၇ ဇန်နဝါရီ ၂၀၂၆

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်က အကျဉ်းထောင် အမှတ် (၂) မှာ ထောင်ဖောက်ထွက်ပြေးသွားခဲ့တဲ့ စစ်သုံ့ပန်းအကျဉ်းသားတွေထဲက ထိုင်းနိုင်ငံဘက်ကို ရောက်ရှိသွားတဲ့ အကျဉ်းသား ၆၈ ဦးကို ထိုင်းအာဏာပိုင်တွေက စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်သိရပါတယ်။လို့ နယ်စပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီလွှဲပြောင်းမှုကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ မြဝတီ–မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကတဆင့် ထိုင်းစစ်တပ်ဘက်က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လွှဲပြောင်းနေတဲ့ အချိန်က ဓာတ်ပုံမှတ်တမ်းတချို့လည်း ဒီနေ့မှာပဲ လူမှုကွန်ရက်စာမျက်နှာတွေထဲ ပျံ့နှံ့လာခဲ့သလို စစ်ကော်မရှင်နဲ့ ဆက်စပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာပါ ဖော်ပြထားပါတယ်။

ဒီစစ်သုံ့ပန်းအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီဝန်းကျင်မှာ လက်နက် ၉ လက်နဲ့အတူ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပြီး IEC စာရင်းအရ စုစုပေါင်း ၈၆ ဦး ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

ထွက်ပြေးပြီးနောက် ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ ဗိုလ်မှူးအဆင့်ရှိ စစ်သုံ့ပန်း ပိုင်စိုးသူ အပါအဝင် အကျဉ်းသားတချို့ကို ထိုင်းဘက်က ပထမဆုံး ဖမ်းမိခဲ့ပြီး ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားခဲ့ပါတယ်။ ထိုင်းသတင်းတွေအရ အဲ့ဒီအကျဉ်းသားတွေက စစ်ကော်မရှင်ထံ ပြန်လွှဲပေးဖို့ ကိုယ်တိုင် တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက မယ်စဲ့ထောင်က စစ်သုံ့ပန်းအကျဉ်းသားတွေကို နိုင်ငံတကာ စစ်ဥပဒေအရ စစ်ကော်မရှင်ထံ ပြန်လွှဲမယ်လို့ ပြောဆိုထားခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာမှာ အခုလို တရားဝင် လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။

IEC ဘက်က အချက်အလက်တွေအရ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကျဉ်းသား ၈၆ ဦးထဲက ထိုင်းနိုင်ငံဘက်ကို ရောက်သွားတဲ့ ၆၈ ဦးဟာ အခုဆိုရင် စစ်ကော်မရှင်ထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အကျဉ်းသား ၁၃ ဦးကိုတော့ ပြန်လည်ဖမ်းဆီးမိထားပြီး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေရှိတယ်လို့ ကြားသိရပေမယ့် IEC က တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကော်မရှင် ပြန်ကြားရေးဘက်ကလည်း ထိုင်းဘက်ကနေ လွှဲပြောင်းလာတဲ့ စစ်သုံ့ပန်းအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ပုံစာ – စစ်သုံ့ပန်းအကျဉ်းသားတွေကို မြဝတီ–မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကတဆင့် လွှဲပြောင်းနေစဉ်

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး