၁၈ ဖေဖော်ဝါရီ ၂၀၂၄
ကမ္ဘာ့ခရစ်ယာန်ဘုရားကျောင်းများကောင်စီ (WCC) က ချင်းပြည်နယ်၊ တလန်ခွါ (Tlangkhua) ကျေးရွာမှာရှိတဲ့ မန်နိုနိုက် ခရစ်ယာန်အသိုင်းအဝိုင်းအပေါ် စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၁၈ မှာ ထုတ်ပြန်ပါတယ်။
WCC အထွေထွေအတွင်းရေးမှူး Rev. Prof. Dr Jerry Pillay က ဒီလို ဘာသာရေးနေရာတွေ၊ အရပ်သားနေထိုင်ရာဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို အကြီးအကျယ် ချိုးဖောက်တာဖြစ်ပြီး လူသားတွေရဲ့ အသက်ရှင်ရပ်တည်ခွင့်ကို ဗြောင်ကျကျ စော်ကားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီထုတ်ပြန်ချက်မှာ WCC အနေနဲ့ မန်နိုနိုက် ခရစ်ယာန်အသင်းတော်နဲ့အတူ မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ လူမှုအသိုက်အဝန်းတွေဘက်မှာ ရပ်တည်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
တလန်ခွါကျေးရွာကို စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဦး ချက်ချင်းသေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီကျေးရွာဟာ မန်နိုနိုက် ခရစ်ယာန်ဘာသာဝင်တွေ အများစု နေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့အနီးအနားက လူနေအိမ်တွေ ပျက်စီးခဲ့သလို အသင်းတော်အတွင်းက သင်းထောက် ၁ ဦး၊ ဘဏ္ဍာရေးမှူး ၁ ဦးနဲ့ လူငယ်ခေါင်းဆောင် ၂ ဦးတို့လည်း သေဆုံးခဲ့ရပါတယ်။
Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အရပ်သားနေထိုင်ရာနေရာ ၁,၀၀၀ ကျော် တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား ၁,၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
WCC ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလို ဘာသာရေးနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်အောင် ဖိအားပေးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ တိုက်တွန်းထားပါတယ်။


