Homeပြည်တွင်းသတင်းကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူအများဆုံးမှာ မြန်မာနိုင်ငံဖြစ်တယ်လို့ UNOCHA ဆို

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူအများဆုံးမှာ မြန်မာနိုင်ငံဖြစ်တယ်လို့ UNOCHA ဆို

၂၀ ဖေဖေါ်ဝါရီ၊၂၀၂၅

ကမ္ဘာတစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့လက်နက်တွေကြောင့် သေဆုံးဒဏ်ရာရသူ အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ဖေဖေါ် ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော လက်နက်တွေကြောင့် သေဆုံးသူ ၁၀၀၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး ဆီးရီးယားက ၉၃၃ ယောက်နဲ့ ဒုတိယအများဆုံး၊ အာဖဂန်နစ္စတန်က ၆၅၁ ယောက်နဲ့ တတိယအများဆုံး ဖြစ်တယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့တွေထံကသိရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း လက်ရှိမှာ ပဋိပက္ခတွေပိုပြင်းထန်လာနေပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် လေးနှစ် အကြာမှာ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ပိုတိုးလာကြောင်းနဲ့ ကုလသမဂ္ဂစာရင်းအရ ပြည်တွင်းရွှေ့ ပြောင်းနေထိုင်မှု စံချိန်တင်မြင့်လာနေပြီး လူပေါင်း ၃ ဒသမ ၅ သန်းလောက် ရွှေ့ပြောင်း နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး လူပေါင်း ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာ မလုံမလောက်ဖြစ်နေပြီး ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ဆိုးဆိုးဝါးဝါးပြတ်တောက်နေသလို သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ လုံခြုံတဲ့အမိုးအကာမရသလို သောက်သုံးရေ ပြတ်လပ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ငွေကြေးမလုံလောက်မှုနဲ့ တခြားစိန်ခေါ်မှုတွေ ရှိခဲ့ပေမဲ့ လူသားချင်းစာနာထောက် ထားရေး အကူအညီတွေဟာ လူပေါင်း ၄ ဒသမ ၂ သန်း ကျော်ထံ ရောက်ရှိခဲ့ကြောင်းနဲ့ ၂၀၂၅ ခုနှစ်တွင်လည်း လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်နဲ့ တုံ့ပြန်ရေးစီမံချက်ဟာ လူပေါင်း ၅.၅ သန်းဆီကို အရေးပါတဲ့အကူအညီတွေရောက်ဖို့ ရည်မှန်းထားပြီး အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံလိုအပ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ -(စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် ဖေဖော်ဝါရီလ ၆ ရက်နေ့ က သီပေါမြို့တွင် အရပ်သားတစ်ဦးသေဆုံးခဲ့မှု)

Photo PSLF/TNLA

ဆက်စပ် သတင်းများ

Most read