Homeပြည်တွင်းသတင်းကမ္ဘာကြီးက အာရုံမစိုက်တဲ့အတွက် မြန်မာနိုင်ငံက လူမမြင်နိုင်တဲ့ ပဋိပက္ခကြီးဖြစ်နေကြောင်း ကုလအထူးသံတမန်ပြောဆို

ကမ္ဘာကြီးက အာရုံမစိုက်တဲ့အတွက် မြန်မာနိုင်ငံက လူမမြင်နိုင်တဲ့ ပဋိပက္ခကြီးဖြစ်နေကြောင်း ကုလအထူးသံတမန်ပြောဆို

၂၄ နိုဝင်ဘာ၊ ၂၀၂၄

ကမ္ဘာကြီးက အာရုံမစိုက်တဲ့အတွက် မြန်မာနိုင်ငံက လူမမြင်နိုင်တဲ့ ပဋိပက္ခကြီးဖြစ်နေပြီး စစ်တပ်က ပြည်သူတွေကို ဆိုးဝါးတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဖို့ အထောက်အပံ့ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးထူး သံတမန် Tom Andrews က သူ့ရဲ့အစီရင်ခံစာမှာ ဖော်ပြပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလအတွင်းက Tom Andrews ရေးသားတင်ပြတဲ့ အစီရင်ခံစာကို နိုဝင်ဘာ ၂၂ ရက်က ကုလအထွေထွေညီလာခံမှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာမှာ Andrews က စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အခြေစိုက်တဲ့နယ်မြေတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အတိုက်အခံအင်အားစုတွေ အခြေစိုက်တဲ့ နယ်မြေဒေသက ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး၊ ခေါင်းဖြတ်သတ်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ ညှင်းပန်းနှိပ်စက်တာတွေကို ကျူးလွန်နေကြောင်း ၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရသူတွေထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ကြောင်း Andrews က ထည့်သွင်းပြောဆိုပါတယ်။

စစ်ရေးအရ အရေးနိမ့်နေပြီး နယ်မြေတွေ လက်လွတ်ဆုံးရှုံးနေရတဲ့ မြန်မာစစ်တပ်ဟာ သူတို့ မထိန်းချုပ်နိုင်တော့တဲ့ မြို့ရွာတွေကို ခေတ်မီ စစ်လက်နက်ပစ္စည်းတွေ အသုံးပြုပြီး တိုက်ခိုက်ဖျက်စီးနေပြီး အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်နေတာကို အသေးစိတ် ဖော်ပြထားပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခြားကိစ္စရပ်တွေအပေါ်မှာ အာရုံစူးစိုက်နေတဲ့အတွက် မြန်မာ့အရေးကို ဦးစားမပေးနိုင်ဘဲ မြန်မာနိုင်ငံအရေးဟာ မမြင်နိုင်တဲ့ ပဋိပက္ခတခု invisible crisis ဖြစ်နေတယ်လို့ အထူးကိုယ်စားလှယ်က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေ ပိုဆိုးလာရတာဟာ တချို့အစိုးရတွေအနေနဲ့ စစ်လက်နှက်ပစ္စည်းတွေ၊ လေယာဉ်ဆီတွေကို စစ်ကောင်စီထံကို တင်သွင်းခွင့်ပြုနေတာ၊ ဒါမှမဟုတ် တက်ကြွကြွ ကူညီနေတာတွေကြောင့် ဖြစ်တယ်လို့လည်း လူ့အခွင့်အရေး အထူးသံတမန် Tom Andrews ကပြောထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကို လက်နက်တွေ ရောင်းဝယ်ပို့ဆောင်ပေးလို့ မရအောင် စင်္ကာပူက ကန့်သတ်အရေးယူမှုတွေ လုပ်ခဲ့တဲ့အတွက် သူက ချီးမွမ်းခဲ့ပြီး စစ်ကောင်စီ ထိန်းချုပ်တဲ့ဘဏ်တွေအပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့တာကလည်း စစ်ကောင်စီအတွက် ထိခိုက်စေခဲ့တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က သူ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Photo – The Sun

ဆက်စပ် သတင်းများ

Most read