Homeပြည်တွင်းသတင်းကန့်ဘလူမြို့နယ် စစ်ကြောင်းထိုးမှုမှာ တပတ်အတွင်း ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးပြီး ဒေသခံ ၅ ဦးကို သတ်ဖြတ်

ကန့်ဘလူမြို့နယ် စစ်ကြောင်းထိုးမှုမှာ တပတ်အတွင်း ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးပြီး ဒေသခံ ၅ ဦးကို သတ်ဖြတ်

၂၆ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးရာမှာ ဖေဖော်ဝါရီလ ၁၉ရက်က ၂၅ ရက်နေ့အထိ ၇ ရက်အတွင်း ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ဒေသခံ ၅ ဦးထက်မနည်း အသတ်ခံရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်း ၁၃ ရွာလောက်က ဒေသခံ ၁၅,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ကွင်းကိုးရွာပျူစောထီးတပ်နဲ့ပူးပေါင်းပြီး ပေကြီးကျေးရွာကို ရုတ်တရက် ဝင်ရောက်ပြီး ဒေသခံ ၃၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ထဲက စတင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပေကြီးရွာနဲ့ အနီးတဝိုက် ကျေးရွာတွေနဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးအနီးက ကျေးရွာတွေကိုပါ ဝင်ရောက်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်နေကြရပါတယ်။

ဒေသခံတွေကိုလည်း ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ဒီထဲက ၃ ဦးကို အမည်နဲ့တကွ အတည်ပြုနိုင်တယ်လို့ သိရပါတယ်။ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လူနေအိမ်တွေကို မီးရှို့ရင်း ရောပြီး ပစ်ထားတယ်လို့ ကြားသိရပြီး အသေးစိတ်ဆက်ပြီး စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ရထားတဲ့ သတင်းတွေအရ စစ်ကောင်စီစစ်ကြောင်းကြောင့် ပေကြီး၊ ခအုန်းသာ၊ ထနောင်းသုံးပင်၊ ငှက်ပျောတိုင်း ရွာသစ်၊ ရွာဟောင်း၊ ကျေးပင်အက်၊ ‌မြေနီအက်၊ ရေအေး၊‌ ရေရှင်ကြီး၊ စံပ္ပါယ်နံသာ စတဲ့ ကျေးရွာ အနည်းဆုံး ၁၃ ရွာက ဒေသခံ ၁၅,၀၀၀ ဝန်းကျင်လောက် စစ်ဘေးရှောင်နေကြရပါတယ်။

ပုံစာ – ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ ဇီးကုန်း-မလည် လမ်းဆုံက လူနေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးစဉ် (ဇန်နဝါရီ ၁ ရက်နေ့ ပုံဟောင်း)

ဓာတ်ပုံ – ကန့်ဘလူခရိုင် တပ်ရင်း ၄

ဆက်စပ် သတင်းများ

Most read