၃၁ အောက်တိုဘာ၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ပြီး လူသားဒိုင်းအဖြစ် အိုင်ပေါင်းချောင်ရွာက လူ ၃၇ ဦးကို ဖမ်းဆီးသွားတဲ့အပြင် ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ မုံလှရွာက ကတ်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
အောက်တိုဘာလ ၃၀ ရက်က ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျောက်တိုင်ရွာနဲ့ ကျီစုရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးပတ်ဝန်းကျင်က ရွာတွေကို ဒရုန်းသုံးပြီး ဗုံးကြဲချခဲ့ပါတယ်။
စစ်တပ် စစ်ကြောင်းဟာ အိုင်ပေါင်းချောင်ရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသား ၃၄ ဦး အမျိုးသမီး ၃ ဦးကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးတဲ့လမ်းတလျှောက် လူသားဒိုင်းအဖြစ် အသုံးပြုဖို့အတွက် ဖမ်းဆီးသွားပါတယ်။
စစ်ကောင်စီ စစ်ကြောင်းရဲ့ ဒရုန်းသုံးပြီး ဗုံးသီးတွေ ကြဲချမှုကြောင့် ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ မွေးရပ်ရွာဖြစ်တဲ့ မုံလှရွာက ကတ်သလစ်ဘုရားကျောင်းကို ဒရုန်းသုံးပြီး ဗုံးကြဲချသွားပါတယ်။
မုံလှရွာကို ဒီနှစ် မတ်လအတွင်းကလည်း စစ်ကောင်စီနဲ့ပျူစောထီး စစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။
“ဘုတလင်စစ်ကြောင်းကလည်း လူ ၈၀လောက်ဖမ်းထားတာ ခုထိ မလွှတ်သေးဘူး။ ကန့်ဘလူက လူ ၄၀ လောက်ဖမ်းသွားတယ်။ စစ်ကိုင်းတိုင်းဘက်ကတော့ တောက်လျှောက် သူတို့ဘက်က ဖိနေ ဒီဘက်ကလည်း တိုက်နေတာပါ။ စစ်ကြောင်းဝင်ရင် ဖုန်းမရတဲ့ရွာတွေမှာ အချိတ်အဆက်မမိလို့ ပြေးချိန်မရလိုက်တာ ရှိတယ်။ ဒါမျိုးတွေမှာ ပါသွားတာ ပုံမှန်ကတော့ တရွာဝင်ပြီဆို တရွာက သိပြီး ကြိုပြေးကြတာ” လို့ ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ပုံစာ – ကန့်ဘလူဒေသစစ်ဘေးရှောင်များ
Photo – CJ