Homeပြည်တွင်းသတင်းကန့်ဘလူနဲ့ ဇီးကုန်းတဝိုက် လူငယ်တစ်ရာဝန်းကျင်ကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ခေါ်ဆောင်

ကန့်ဘလူနဲ့ ဇီးကုန်းတဝိုက် လူငယ်တစ်ရာဝန်းကျင်ကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ခေါ်ဆောင်

၃၀ ဇန်နဝါရီ၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နဲ့ ဇီးကုန်းမြို့အနီးက ရွာတွေမှာ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး လူငယ် တစ်ရာကျော်ကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဇန်နဝါရီ ၂၉ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဇီးကုန်းသကြားစက်မှာ အထိုင်စခန်းချထားတဲ့ စစ်ကောင်စီတပ်တွေက ဇီးကုန်းမြို့ပေါ်ရပ်ကွက်တချို့နဲ့ အနီးတဝိုက်နဂါးပေါ်နဲ့ပုပ္ပါး ရွာတွေက လူငယ်တွေကို မြင်သမျှ ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ကန့်ဘလူက ဝါသဝနယ်မြေ၊ အခုက အသက်မပြည့်သေးတဲ့သူတွေလည်း ပါတယ် ။ကျောင်းသားတွေလည်းပါတယ်။ အစောပိုင်းထဲက ဝါသဝဆီက ပျူတွေနဲ့ မကင်းတဲ့သူတွေလည်း ပါတယ်။ ရွာတွေထဲကို ဝင်စီးပြီး တွေ့တဲ့လူငယ်အကုန်ခေါ်သွားတာပါ” လို့ ဇီးကုန်းဒေသခံတစ်ဦးက New Day Myanmar ကို ပြောဆိုပါတယ်။

အခုထိ ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးကြောင်း ဖမ်းဆီးခံထားရတဲ့လူငယ်တစ်ဦးရဲ့မိသားစုဝင်က ပြောဆိုပြီး သူ့ရဲ့ပြောဆိုမှုအရ ငွေကြေးနဲ့ ပြန်ပြီး ထုတ်လို့လည်းမရကြောင်း သိရပါတယ်။

အခု ဖမ်းဆီးခေါ်ဆောင်မှုမှာ ကန့်ဘလူနယ်မြေက ပျူစောထီးခေါင်းဆောင် ဦးဝါသဝနဲ့ ရဲမှူးတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒီဖမ်းဆီးမှုတွေဟာ ဇန်နဝါရီ ၁၅ ရက်က စတင်ပြီး ကန့်ဘလူ၊ ကျွန်းလှ၊ ဇီးကုန်းတဝိုက်က ရွာတွေကို ပိုက်စိတ်တိုက်ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်း ဧည့်စာရင်းစစ်တာနဲ့ လမ်းသွားလမ်းလာလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့သူ နှစ်သောင်းသုံးထောင်နီးပါး (၂၂,၇၆၅ ဦး) ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ – စကစတပ်သားသစ်တွေနဲ့ ကန့်ဘလူဒေသပျူစောထီးခေါင်းဆောင် ဦးဝါသဝ တွေ့ဆုံစဉ်

ဓာတ်ပုံ – Citizen

ဆက်စပ် သတင်းများ

Most read