၈ နိုဝင်ဘာ၊ ၂၀၂၄
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတဲ့ ကချင်အထူးဒေသ၁ က ပန်ဝါမြို့ကို KIA အုပ်ချုပ်ရေးယန္တရားစနစ်နဲ့ လည်ပတ်ဖို့ စီစဉ်နေတယ်လို့ KIA နဲ့ နီးစပ်သူတွေက သိရပါတယ်။
“ပန်ဝါကတော့ အုပ်ချုပ်ရေးယန္တရားတွေကို ချမှတ်နိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ အချိန်ပဲဖြစ်ပါတယ်။ ပြည်သူလူထုကို စည်းရုံရေးလုပ်နေတာ စားဝတ်နေရေးကအစ နောက် လုံခြုံရေးတွေက အစပေါ့ အဲလို ဆောင်ရွက်နေပါတယ်” အောက်တိုဘာ ၁၈ က ပန်ဝါမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် ဦးဇခုန်တိန့်ယိန်းရဲ့ နေအိမ်နဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တို့နဲ့ ဆက်စပ်နေတဲ့ နေအိမ်တွေကို လုံခြုံရေးအရ ချိတ်ပိတ်သိမ်းယူခဲ့ပါတယ်။ “ပန်ဝါဘက်မှာ စတားလင့်အင်တာနက်လိုင်းတွေ ရပါတယ်။ ဖုန်းလိုင်းတွေ လျှပ်စစ်မီးတွေတော့ အခုထိ မရပါဘူး။ တရုတ်ဘက်က စားသောက်ကုန် စက်သုံးဆီ မဝင်တော့ အခက်အခဲ ရှိတယ်၊ KIA က စပြီး အုပ်ချုပ်နေပါပြီ” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“ပန်ဝါအပြင်၊ ချီဖွေ၊ ဆော့လော်ကိုလည်း ဆက်ပြီး အုပ်ချုပ်သွားမှာပါ။ တရုတ်က ကချင်ကို ကုန်သွယ်ရေးပိတ် ရင် ကချင်ဘက်ကလည်း တရုတ်ရဲ့ မြေရှားသတ္တုတူးတဲ့လုပ်ငန်းတွေကို ရပ်တန့်ထားမယ် ထင်တယ်” လို့ သူက ဆက်ပြောပါတယ်။
KIA ဟာ ၂၀၂၄ နှစ်စကစတင်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ မိုးမောက်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စုစုပေါင်း မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို သိမ်းယူထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း PDF တပ်တွေနဲ့ပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက် ထားပါတယ်။
ပုံစာ – ကချင် ပန်ဝါဒေသအတွင်းရှိ မြေရှားသတ္တုတွင်းလုပ်ငန်းများ
Photo – Global Witness