Homeပြည်တွင်းသတင်းကချင်ပြည်နယ်မှာ ဆယ်ရက်ကြာ ဖုန်းလိုင်းပြတ်တောက်နေပြီးနောက် တချို့နေရာတွေမှာ ဖုန်းလိုင်းပြန်မိ

ကချင်ပြည်နယ်မှာ ဆယ်ရက်ကြာ ဖုန်းလိုင်းပြတ်တောက်နေပြီးနောက် တချို့နေရာတွေမှာ ဖုန်းလိုင်းပြန်မိ

၃၀ ဇူလိုင်၊ ၂၀၂၄

ကချင်ပြည်နယ်၊ မြို့နယ်အတော်များများမှာ ဇူလိုင် ၂၁ က စတင်ပြီး ဖုန်းလိုင်းတွေ ပြတ်တောက်နေပေမဲ့ ဇူလိုင်လ ၃၀ မနက်ပိုင်းကစပြီး မြစ်ကြီးနားက နေရာတချို့မှာ MPT ဖုန်းလိုင်းတွေ ပြန်ရနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနား၊ ရွှေကူ ၊ ဟိုပင်၊ လုံးခင်း ၊ ဖားကန့်၊ မိုးကောင်း ၊မိုးမောက် ၊ ဝိုင်းမော်အပါအဝင် မြို့နယ်အတော် များများမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ဩဂုတ်လ ၂ ရက်မှ ဖုန်းလိုင်းတွေ ပြန်ကောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ မြစ်ကြီးနားမြို့ပေါ် စီတာပူ၊ ခေမာသီရိ၊ မြစ်ဆိပ်၊ မြဝတီရုပ်သံ နဲ့ စုပေါင်းရုံးနားမှာ MPT ဖုန်းလိုင်းတွေ မိနေတယ်လို့ဒေသခံတွေက ဆိုပါတယ်။

ဖားကန့်ဘက်က တချို့နေရာတွေမှာလည်း ဇူလိုင် ၃၀ ရက်မနက်ကစပြီး MPT ဖုန်းလိုင်းပြန်မိနေတယ် လို့သိရပါတယ်။

ဇူလိုင်လ ၂၉ ရက်ညပိုင်းမှာ တချို့နေရာတွေ ဖုန်းလိုင်းမိပေမဲ့ ပြန်ပြီး ပြတ်တောက်သွားပြီး ဒီမနက်မှာ ထပ်ပြီး ဖုန်းလိုင်းတွေ ပြန်မိတာလို့ ဒေသခံတွေက ဆိုပါတယ်။

“လိုင်းမိတယ်ဆိုတာ ဖုန်းလိုင်းပဲ ၊ အင်တာနက်ကော ဝိုင်ဖိုင်ကော မရဘူး။ စတားလင့်သုံးတဲ့နေရာတွေတော့ ရှိတယ်။ ဒါပေမဲ့ ဝေးတော့ မသွားကြဘူး။ ဖုန်းလိုင်းမိတဲ့နေရာတွေ သွားရင်း ဆိုင်ကယ်လုခံရတာမျိုးထိ ဖြစ် တယ်။ အခုက စီတာပူ၊ ရမ်ပူ ၊ ခေမာသီရိ ၊ မြစ်ဆိပ်နဲ့ စုပေါင်းရုံးဘက်မှာ ဖုန်းလိုင်းတွေ မိတယ်။ ဖုန်းလိုင်း မိတယ်ဆိုပေမဲ့ လိုင်းက လုံးဝကောင်းတာမျိုးမဟုတ်ဘူး။ ဖုန်းကလိုင်းဝင်ပြီး တဖက်နဲ့တဖက်မကြားတာမျိုး လည်း ဖြစ်တယ်” လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ကချင်ပြည်နယ်တစ်ခုလုံးမှာ ဖုန်းလိုင်းပြတ်တောက်နေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလို့မဟုတ်ဘဲ ဆက်သွယ်ရေးစနစ်ချို့ယွင်းလို့ ဖုန်းလိုင်းပြတ်တောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

“ကချင်ပြည်နယ် တစ်ခုလုံးနီးပါး ဖုန်းလိုင်းပြတ်တောက်ကုန်တာပါ။ စစ်ကိုင်းတိုင်းဘက်က တချို့နေရာ တွေလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းလိုင်းမရတာကလွဲရင်တိုက်ပွဲလည်းမရှိ လမ်းအခြေအနေလည်း အေးဆေးပါတယ်” လို့ ဝိုင်းမော်မြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ကချင်ပြည်နယ်က ဘဏ်တွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းမရတော့တဲ့အတွက် ဘဏ်လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းထားရပါတယ်။ အင်တာနက်လိုင်းမရတော့တဲ့အတွက် Kpay ၊ Wave Money လို ငွေလွှဲဝန်ဆောင် မှုတွေပါ အသုံးပြုလို့ မရတော့ကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read