၈ ဖေဖော်ဝါရီ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်ကို တော်လှန်ရေးအောင်ပွဲအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် သတ်မှတ်လိုက်ပြီး စစ်ရေးအရှိန်ကို အရှိန်အဟုန်နဲ့ မြှင့်တင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ငါးရက်ကြာ ကျင်းပခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးကြီးများအစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အစည်းအဝေးအတွင်း ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေအနေတွေကို ပြန်လည်သုံးသပ်ခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း စစ်ကော်မရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် အဓိက စစ်ရေးရည်မှန်းချက်တွေကို ချမှတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရန်သူ့စစ်တပ်ကို ရင်ဆိုင်ရာမှာ ပေါင်းစပ်စစ်ပွဲ (Hybrid Warfare) မဟာဗျူဟာကို အခြေခံပြီး အဆင့်ဆင့် ထိုးစစ်ဆင်သွားဖို့ စီမံချက်တွေ ချမှတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေအတွက် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေမှာ PDF တွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာဝန်ယူသွားမယ်လို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
တပ်တည်ဆောက်ရေးပိုင်းမှာတော့ စိတ်ဓာတ်၊ လေ့ကျင့်ရေး၊ စည်းကမ်း၊ ရဲဘော်ရဲဘက်စိတ်နဲ့ နည်းပညာ ဆိုတဲ့ အချက်ငါးချက်ကို အခြေခံပြီး PDF တပ်မတော်တရပ်လုံးကို အဆင့်မြှင့်တင်သွားမှာဖြစ်သလို အမိန့်ပေးကွပ်ကဲမှုစနစ်ကိုလည်း ပိုပြီး ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


