၁၀ မတ်လ ၂၀၂၆ | New Day Myanmar
EV ကားတွေမှာ ယာဉ်တိုက်မှုဖြစ်ပွားထားတဲ့ကားတွေကို အသစ်ကားလို ပြန်လည်ရောင်းချတာတွေရှိနေတယ်ဆိုပြီး ယာဉ်စစ်ဆေးပြီးမှသာ ဝယ်ယူကြဖို့ ယာဉ်ရောင်းဝယ်ရေးအသိုင်းအဝိုင်းကြား သတိပေးမှုတွေ ထွက်ပေါ်လာနေပါတယ်။
ယာဉ်ပွဲစားတစ်ဦးကတော့ စစ်ကော်မရှင်က ပုဂ္ဂလိကကားတွေကို စုံ/မရက် ခွဲပြီး မောင်းနှင်ခွင့်နဲ့ စက်သုံးဆီဝယ်ယူခွင့် ကန့်သတ်လိုက်ပြီးနောက် ကားဝယ်စီးနိုင်တဲ့ လူတန်းစားတချို့ကြား EV ကား ဝယ်ယူမှု မြင့်တက်လာတယ်လို့ New Day Myanmar ကို ပြောပါတယ်။
“အခုက EV ကား နည်းနည်းအဝယ်လိုက်လာတယ်လို့ ပြောရမယ်။ အဲဒီထဲမှာ တိုက်ထားတဲ့ကားတွေပါလာတော့ ဝယ်တဲ့သူတွေ နစ်နာတာတွေရှိတယ်။ အရင်လိုပဲ ဖြတ်ဆက်၊ ဖောက်ဆက် လုပ်ထားတဲ့ကားတွေ၊ တိုက်ပြီး ကိစ္စမရှင်းလင်းရသေးတဲ့ကားတွေပါလာတော့ ရောင်းမှား ဝယ်မှားတွေ ဖြစ်ကုန်တာပါ” လို့ ယာဉ်ပွဲစားတစ်ဦးက ဆိုပါတယ်။
လတ်တလောမှာ ယာဉ်တိုက်မှုဖြစ်ထားတဲ့ EV ကားအသစ်တွေ အများအပြားရှိနေပြီး စျေးတန်တယ်ဆိုပြီး အလောတကြီး ဝယ်ယူတာမျိုး မလုပ်ဖို့နဲ့ ယာဉ်အခြေအနေကို စစ်ဆေးပြီးမှသာ ဝယ်ယူသင့်တယ်လို့ ယာဉ်ရောင်းဝယ်ရေးအသိုင်းအဝိုင်းက သတိပေးထားပါတယ်။
ထို့အပြင် EV ကားအသစ်အဖြစ် ပြန်လည်ရောင်းချမှုတွေရှိနေတဲ့အတွက် ယာဉ်စစ်ဆေးပြီးမှသာ ဝယ်ယူဖို့ “တိုက်ကြေကား” Page ကလည်း လူမှုကွန်ရက်ပေါ်မှာ သတိပေးရေးသားထားပါတယ်။
လတ်တလောမှာ စစ်ကော်မရှင်က စုံ/မရက် သတ်မှတ်ချက်အတိုင်း မမောင်းနှင်သူတွေကို မတ်လ ၁၄ ရက်ကစပြီး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပြီး ဖမ်းဆီးရမိပါက ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ထို့အပြင် ကားနံပါတ်ပြားအနီမဟုတ်တဲ့ ယာဉ်တွေကို နေ့စဉ်မောင်းနှင်ခွင့် မရှိကြောင်းနဲ့ စုံရက်မှာ စုံနံပါတ်ကား၊ မရက်မှာ မနံပါတ်ကားသာ မောင်းနှင်ရမယ်လို့ လူမှုကွန်ရက်ပေါ်တွင် သတိပေးရေးသားမှုများလည်း ပျံ့နှံ့နေပါတယ်။
ဓာတ်ပုံ – တိုက်ကြေကား Page


