Homeပြည်တွင်းသတင်းစစ်ကောင်စီကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်း‌တွေ မြန်မာပြည်က ထွက်ခွာပေးဖို့ IndustriALL Global Union တောင်းဆို

စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်း‌တွေ မြန်မာပြည်က ထွက်ခွာပေးဖို့ IndustriALL Global Union တောင်းဆို

၁၀ ဇွန်၊ ၂၀၂၄

အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ စီးပွားရေးလုပ်ငန်းတွေဟာ ကျင့်ဝတ်နဲ့ မကိုက်ညီနိုင်တာကြောင့် အကြမ်းဖက် စစ်ကောင်စီကို ငွေကြေးအထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်းများ ရပ်တန့်ပြီး မြန်မာနိုင်ငံက တာဝန်ခံမှု ရှိရှိနဲ့ ထွက်သွားပေးဖို့ IndustriALL Global Union က ကျင်းပဆဲဖြစ်တဲ့အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဇွန်လ ၃ ရက်က ၁၃ရက်အထိ ကျင်းပသွားမယ့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံမှာ IndustriALL Global Union အထွေထွေအတွင်းရေးမှူး Mr. Atle Høie က “မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူ ၄,၀၀၀ ဦးကျော်ကို သတ်ဖြတ် ၊ ၂၆,၀၀၀ နီးပါးဖမ်းဆီးပြီး သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့ အရပ်ဖက်လူမှုအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားပါတယ်။

လွတ်လပ်စွာ အသင်းဖွဲ့ခွင့်မရှိခြင်းနဲ့ သမဂ္ဂဖွဲ့မှုတွေကို ပိတ်ပင်တာဟာ အလုပ်သမားအများစုအတွက် ခေတ်သစ်ကျွန်ပြုခိုင်းစေခံရတဲ့ အခြေအနေများ ဖြစ်ပေါ်စေတယ်၊ အဲဒီအချက်တွေကို ILO စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်များအရ အတည်ပြုပြီး ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်အောက်တွင် စီးပွားရေးလုပ်ငန်းတွေဟာ ကျင့်ဝတ်နဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့မဖြစ်နိုင်တဲ့အတွက် IndustriALL Global Union အနေနဲ့ အကြမ်းဖက်အဖွဲ့ကို ဘဏ္ဍာငွေအထောက်အပံ့ ဖြစ်စေမှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံမှ တာဝန်ခံမှုရှိစွာ ထွက်ခွာသွားကြဖို့ စီပွားရေးလုပ်ငန်းများကို တိုက်တွန်းပါတယ်” လို့ ဇွန်လ ၇ ရက်မှာ တောင်းဆိုသွားပါတယ်။

Mr. Atle Høie က ဥရောပသမဂ္ဂက မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုကို ဆက်လက်အားပေးနေခြင်းနဲ့ ကုန်သွယ်ရေးဦးစားပေးမှုတွေ ဆက်လက်ထောက်ခံနေတာဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေကို ပြန်လည်စိစစ်သုံးသပ်ဖို့ တောင်းဆိုကြောင်း ၊ လက်နက်မှအပ အရာအားလုံး (Everything But Arms-EBA) ဦးစားပေး ကုန်သွယ်ရေးမူဝါဒနဲ့ မြန်မာအထည်ချုပ်ကဏ္ဍတွင် သင့်တော်ကောင်းမွန် သည့် အလုပ်အကိုင်များဖော်ဆောင်ရေး အစီအစဉ်ဆိုင်ရာ ပတ်သက်ဆက်နွှယ်သူများ မဟာမိတ် အဖွဲ့ (Multistakeholder Alliance for Decent Employment in the Myanmar Apparel Industry Programme-MADE in Myanmar) ရဲ့ ထောက်ပံ့ပေးနေမှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းလိုကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read