Homeအထူးသတင်းအီရန်ရဲ့ခေါင်းဆောင်သစ်အဖြစ် မော့တားဘား ခါမေနီ ရွေးချယ်ခံရ

အီရန်ရဲ့ခေါင်းဆောင်သစ်အဖြစ် မော့တားဘား ခါမေနီ ရွေးချယ်ခံရ

၉ မတ်လ ၂၀၂၆ | New Day Myanmar

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် မော့တားဘား ခါမေနီကို (Mojtaba Khamenei) ရွေးချယ် တင်မြှောက်လိုက်ပြီဖြစ်ကြောင်း အီရန်အစိုးရက မတ်လ ၉ ရက် မနက်အစောပိုင်းမှာ တရားဝင် ကြေညာလိုက်ပါတယ်။

မော့တားဘား ခါမေနီဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စစ်ဆင်နွှဲခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဘာသာရေးဥသျှောင် အယာတိုလာ အလီခါမေနီရဲ့ ဒုတိယမြောက်သား ဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် ၈၈ ဦးနဲ့ ဖွဲ့စည်းထားတဲ့ “ကျွမ်းကျင်သူများအဖွဲ့” (Assembly of Experts) က မော့တားဘားကို ခေါင်းဆောင်သစ်အဖြစ် တခဲနက် ရွေးချယ်တင်မြှောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အယာတိုလာ အလီခါမေနီ ကွယ်လွန်ပြီးနောက် မတ်လ ၁ ရက်ကနေ ၈ ရက်အထိ အီရန်နိုင်ငံကို အီရန်သမ္မတ၊ တရားသူကြီးချုပ်နဲ့ အကြီးတန်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်တို့ ပါဝင်တဲ့ ကြားကာလခေါင်းဆောင်များကောင်စီက ယာယီ အုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။

မော့တားဘား ခါမေနီဟာ အယာတိုလာ အလီခါမေနီရဲ့ သားသမီး ၆ ယောက်ထဲမှာ နိုင်ငံရေးကဏ္ဍမှာ ပါဝင်လှုပ်ရှားနေတဲ့ တဦးတည်းသောသားဖြစ်ပြီး ကျန်တဲ့ သားသမီးတွေကတော့ နိုင်ငံရေးမှာ မပါဝင်ကြဘူးလို့ သိရပါတယ်။

သူဟာ အစိုးရရာထူး တရားဝင် မယူထားပေမယ့် အီရန်နိုင်ငံရေးအတွင်း နောက်ကွယ်ကနေ သက်ရောက်မှုရှိတဲ့ ဩဇာရှိသူတဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

ဒါကြောင့်လည်း အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်မှာ မော့တားဘား ခါမေနီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ဖူးပါတယ်။

သတင်းများအရ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း နိုင်ငံအတွင်း စစ်ရေးနဲ့ လုံခြုံရေးအခြေအနေ တင်းမာနေတဲ့အတွက် ခေါင်းဆောင်သစ်ကို အမြန်ဆုံး ရွေးချယ်ဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးတွဲတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံအတွင်း အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာ နိုင်ငံရေးအာဏာကွာဟမှု မဖြစ်စေရန် ခေါင်းဆောင်သစ်ကို အမြန်ဆုံး ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

#အီရန်

#မော့တားဘားခါမေနီ

#အရှေ့အလယ်ပိုင်း

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး